Tuesday, May 7, 2013

ထေရ၀ါဒနှင့် ပိဋကတ် သုံးပုံ ဆိုသည်မှာ

ထေရ၀ါဒနှင့် ပိဋကတ် သုံးပုံ ဆိုသည်မှာ...


ထေရ၀ါဒဟုသော အသုံးအနှုံးသည် သက်ကြီးဝါကြီးပုဂ္ဂိုလ်များ (ထေရ) လျှောက်သောလမ်း ဟု သဒ္ဒါအလိုအရ အဓိပ္ပာယ် ရပေသည်။ ထေရ၀ါဒဂိုဏ်းသည် ဗုဒ္ဓ၏အဆုံးအမများကို မူလအတိုင်းမှတ်တမ်းတင် ထိန်းသိမ်းထားသော ပါဠိ တိပိဋက (ပိဋကတ် သုံးပုံ )အတိုင်းအစဉ်တစိုက် လက်ခံပါသည်။ ထေရ၀ါဒဂိုဏ်း၏အလေးထားမှုမှာ ဗုဒ္ဓ၏ အဆုံးအမများကို စစ်မှန်သော မူလ အခြေအနေအတိုင်းထိန်းသိမ်းခြင်းနှင့် အနာဂါတ် မျိုးဆက်အဆက်က် လက်ဆင့်ကမ်းခြင်းဖြစ်ပါသည်။ ဗုဒ္ဓ၏အဆုံးအမများဆိုရာတွင် လူပုဂ္ဂိုလ်များအား လွတ်မြောက်ရာကို မည်သို့ ရှာဖွေရမည်ကို ညွှန်ပြနိုင်စွမ်း အပြည့်အ၀ ရှိသော လွတ်မြောက်ရေးအဆုံးအမ လမ်းညွှန်မှုများဟု ယူဆရပေမည်။


ထိုအကြောင်းကြောင့် ပင် အဆုံးအမများ၏စွမ်းရည်ပြည့်ဝ ထိရောက်မှုကို ခေတ်အဆက်ဆက် အမြင့်ဆုံးရှိမြဲ ရှိနေစေရန် အလို့ငှာ ဗုဒ္ဓ၏အဆုံးအမများကို မူလအတိုင်း ကြိုးကြိုးပမ်းပမ်း ထိန်းသိမ်းထားကြခြင်းဖြစ်သည်။ အဆုံးအမများကို မူလပုံစံမှ ပြင်ဆင်လိုက်လျှင် သို့မဟုတ် တစ်နည်းနည်းပြောင်းလဲလိုက်လျင် ထိရောက်မှုသည် အချိန်နှင့်အမျှ လျော့ပါးသွားဖွယ် ရှိပေသည်။


ထေရ၀ါဒထုံးထမ်းအရ ပါဠိတိပိဋက(ပိဋကတ် သုံးပုံ )၌ မပါရှိပဲ သတ်သတ် ထိန်းသိမ်းထားသော သို့မဟုတ် ဟောကြားခဲ့သော ဗုဒ္ဓ၏အဆုံးအမများရှိသည် (ဆိုလိုသည်မှာ တိပိဋိက( ပိဋကတ် သုံးပုံ )တွင် မှတ်တမ်းတင်ခဲ့ခြင်း မရှိပဲ တစ်စုံတရာသော ပုဂ္ဂိုလ်ကို ဟောကြားခဲ့သော နက်နဲသည့် တရားတော်) ဟူသော ခံယူချက်ကိုလည်းပစ်ပယ်ပါသည်။ ထို့ကြောင့် ပင်လျှင် ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း ၅၀၀ ခန့် ကြာမှ စတင် ပေါ်ထွန်းလာသော် မဟာယန သုတ္တန်များကို ထေရ၀ါဒကစစ်မှန်သည်ဟု လက်မခံကြပါ။


ဗုဒ္ဓအဆုံးအမများကို အဓိက ထိန်းသိမ်းနေသူများမှာ သံဃာ ဟု ခြုံငုံခေါ်ဝေါ်သော ရဟန်းတော်များပင်ဖြစ်ပါသည်။ထေရ၀ါဒ သံဃာတို့သည် ဗုဒ္ဓက သတ်မှတ်တော်မူခဲ့သော၊ ၀ိနယပိဋကတွင် မှတ်တမ်းတင်ထားသည့် ရဟန်းဆိုင်ရာ ကျင့်ဝတ်တို့ကို အစဉ်တစိုက် လိုက်နာ ကျင့်သုံးကြသည်။ထို ရဟန်းဆိုင်ရာ ကျင့်ဝတ်များသည်ဗုဒ္ဓ၏အဆုံးအမများကို ကောင်းစွာတည်တံ့စေရေးအတွက် မရှိမဖြစ် ဖြစ်သည်ဟု ထေရ၀ါဒသံဃာများက လက်ခံကြသည်။


No comments:

Post a Comment