Monday, May 20, 2013

“မယ်တို့  ပုဂံ ပြည်”

“မယ်တို့  ပုဂံ ပြည်”


မယ်တို့ နေသည်၊ ပုဂံပြည်တည့် ရှေ့ ဆီ တစ်ခွင်၊ မြေအပြင်ဝယ် ညိုစင်မတ်မား၊တောင်ပုပ္ပါးသည် ထွားထွားမြင့်ကျိုင်း၊မြမြမှိုင်း၍ ရှုတိုင်းအံ့အာ၊လွမ်းဖွယ်သာတည့် မဟာဂီရိ၊နတ်မှောင်ကြီ့ နှင့် ၀င်းမှည့်ကလျာ၊ရွှေမျက်နှာကို ပန်ထွာခယမ်း၊ မယ်တို့ မြန်းသော် ပန်းလှပုဆိုး၊ခါးပုံထိုးနှင့် သိုးဆောင်းညီနောင်၊ ရွှေဖျဉ်းမောင်တို့ တောင်တော်ခြေရင်း၊ ကြိုလာဆင်း၍ ချစ်တင်းဆိုဟန်၊ နှုတ်ချိုသံနှင့် ပန်ကြမည်လား၊ပျို ဖြူထွားဟု စကားရွှေနှယ်၊ ပန်းနှင့်ရွယ်သည် မယ်တို့  ပုဂံ ပြည်မှာသော်။


မယ်တို့ နေသည်၊ ပုဂံပြည်တည့် နောက်ဆီ တစ်ခွင်၊ ဧရာပြင်ဝယ် ရေယဉ်ပြည့်လင်း၊တ၀င်းဝင်းနှင့် ပိန်ညင်းပျံဝဲ၊ ငှက်ပျော်ပွဲတည့် ပုလဲငွေရောင်၊ သဲမြိတ်သောင်က ဖောင်တော် န၀ရတ်၊ ရွှေပြသာဒ်သို့  မင်းမြတ် နော်ရထာ၊ ဆင်းကြွလာသော် ဗိုလ်ပါ စစ်ခင်း၊ ရှေ့တပ်ဝင်း၌ မင်းပျိုနုအူ၊မြင်းဖြူဖြူနှင့် ပြည်သူ ကြင်ချစ်၊ မင်းကျန်စစ်တည့် ရွှင်းသစ် ချိုချို၊နတ်လိုလိုကို ပျိုတို့  ကုန်စင်၊ ကြည့်ကြမြင်သော် ပျော်ရွှင် စုံမက်၊ အားအင်တက်၍ သက်ဆက် ရည်ရွယ်၊ ချစ်ရေးသွယ်သည် မယ်တို့  ပုဂံပြည်မှာသော်၊


မယ်တို့ နေသည်၊ ပုဂံပြည်တည့် မြို့ ဆီ တစ်ခွင်၊ ပတ်ဝန်းကျင်ဝယ် ရွှေစင် ထိန်ညီး၊ မြေမှသီးသို့  စည်းခုံ ရှင်ကျော်၊ မြတ်မွေတော်တည့် ပူဇော်လိုလှ၊မယ့်ဆန္ဒကြောင့် မယ့်ဘ မယ့်မိ၊ မယ့်ညာတိနှင့် လှည်းအိယဉ်သာ၊ မြန်းကြပါသော် ကြမ္မာနတ်မျိုး၊ဆော်ပင့်နှိုးသို့ ပုထိုးရွှေစင်၊စည်းခုံပြင်ဝယ် ရှင် အရဟံ၊သင်းခြွေရံကို ပန်ထွာကြုံရ၊ ရွှင်ကြည်လှ၍ ဘ၀ ဤနှယ်၊ ကျွတ်ဆုရွယ်သည် မယ်တို့  ပုဂံ ပြည်မှာသော်။။


ဇော်ဂျီ —


No comments:

Post a Comment