Tuesday, April 30, 2013

ဗုဒ္ဓလေးမျိုး။

•••••••••••

၁) သဗ္ဗညုဗုဒ္ဓ။ ၂) ပစ္စေကဗုဒ္ဓ။ ၃) စတုသစ္စဗုဒ္ဓ။ ၄) သုတဗုဒ္ဓ။ ဟု ဗုဒ္ဓ လေးမျိုးရှိသည်ကို ဒေ၀တာသံယုတ် အဋ္ဌကထာ၌ ပြဆိုထားသည်။


ဤတွင် -


၁) ပါရမီးဆယ်ပါးအပြားသုံးဆယ်ရှိသော ပါရမီတော်တို့ကိ ဖြည့်ကျင့်၍သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ခြင်းသည် "သဗ္ဗညုဗုဒ္ဓ" မည်၏။


၂) နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်တို့ကိုဖြည့်ကျင့်၍ သယမ္ဘူ ( ဆရာမလို ကိုယ်တိုင်ဖြစ်တော်မူသော ) ဘုရားအဖြစ်သို့ ရောက်ခြင်းသည် "ပစ္စေကဗုဒ္ဓ" မည်၏။


၃) သမ္မာသမ္ဗုဒ္ဓဘုရားနှင့် သယမ္ဘူ (ပစ္စေကဗုဒ္ဓ )ဘုရားတို့မှ ကြွင်းကျန်ကုန်သော ရဟန္တာအရှင်မြတ်တို့သည် "စတုသစ္စဗုဒ္ဓ" မည်၏။


၎) ပရိယတ္တိဗဟုဿုတ (ပိဋကတ်သုံးပုံဆောင် ) အရှင်မြတ်တို့သည် "သုတဗုဒ္ဓ" မည်၏။


ဘုရားရှင်သည် ပရိယတ္တိဗဟုဿုတ( ပိဋကတ်သုံးပုံဆောင် ) ရဟန်းတို့ကို မိမိအရာ၌ ထားတော်မူ၏ဟုပါထိယ၀ဂ် ပါသာဒိကာသုတ် အဋ္ဌကထာ၌ ပြဆိုထား၏။


( တိပိဋကအရှင်မြတ်ငါးပါးပူဇော်ပွဲ ၁၉၈၅မှ )


သင်္ချာဘု ရင်မ

သင်္ချာဘု ရင်မ


(၁) သမိုင်းမတင်မီ ခေတ်ကြီးကုန်ဆုံးပြီးနောက်သမိုင်းတင်ခေတ်ဦးလောက်မှ စ၍လူသည် ယဉ်ကျေးမှုကို ပျိုးထောင်တတ်လာသည်။ယဉ်ကျေးမှု ကို စနစ်တကျ စတင် ပျိုးထောင် ခဲ့ကြသည့် လူ့အဖွဲ့အစည်း များ အနက် အိန္ဒိယ လူ့အဖွဲ့အစည်းနှင့် ဂရိ လူ့အဖွဲ့ အစည်း နှစ်ရပ် သည် ရှေ့တန်းသို့ ရောက်ခဲ့ကြသည်။ယင်း လူ့အဖွဲ့ အစည်း နှစ်ရပ်သည် အခြားလူ့အဖွဲ့အစည်း များ ထက်ရှေ့ သို့ ခြေ တစ်လှမ်းရောက်နေရခြင်းမှာ ယင်းတို့၏ယဉ်ကျေးမှု၌ ဒဿန၊သင်္ချာနှင့် သိပ္ပံအသိများကို ထည့်သွင်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည် ဟုကောက်ချက်ချပါသည်။


၆၀၀ ဘီစီ မတိုင်ခင်ကပင် အိန္ဒိယ ရှိ ဟိန္ဒူ လူ့အဖွဲ့အစည်း၌ သင်္ချာကို တရင်းတနှီးလုပ်ဆောင် နေပြီ ဖြစ်ကြောင်းကိုလံဘီယာ တက္ကသိုလ် မှ သင်္ချာ ပညာ ဒေါက်တာ ဘွဲ့ရ “ခရမ်းမား”Dr. Kramerက “သင်္ချာ၏ပင်မရေစီး” (Main Stream of Mathematics) အမည် ရှိ ကျမ်း၌ထည့်သွင်း ဖော်ပြထား၏။ ထိုကျမ်းတွင် အရှေ့ကမ္ဘာ၊အနောက်ကမ္ဘာ ရှိ ရှေးဦးလူ့အဖွဲ့အစည်း အသီးသီးတို့ သင်္ချာအပေါ်အလေးထားခဲ့ကြပုံများကို စုံလင်အောင် ပုံပြင် ဇာတ်နိပါတ် က အစထည့်သွင်း ဖော်ပြ ထားသည်။


“ဗုဒ္ဓဘာသာဝင်တို့ အလေးထားတတ်ကြသည့် ကျမ်းဂန် တစ်ဆူ ဖြစ်သော “လာလိတဝိစတိရ”၌ ဖော်ပြ ထားသည် မှာ -


“ဗုဒ္ဓအလောင်းအလျာ သည်ထိမ်းမြားမင်္ဂလာ ပြုချိန် ရောက်သော အခါ ရည်ရွယ်ထားသော သတို့သမီးလောင်း‘ဂိုပ’ (Gopa) ၏ ခမည်းတော်က မိမိ၏သမီးတော်နှင့် စုံဖက် လိုသူ ပေါင်းငါးရာ ရှိနေ၍ အားလုံးအတွက် အရည်အချင်းစစ် စာမေးပွဲတစ်ရပ် ကျင်းပ မည်ဟု မိန့်တော်မူသည်။ဖြေဆိုရမည့် ဘာသာရပ် များမှာ – စာပေအရေးအသား၊ဂဏန်းသင်္ချာ၊ တေးဂီတနှင့် လေးအတတ် ဟူ၍ လေး ဘာသာ ဖြစ်သည်။ ထိုလေးဘာသာ စလုံး၌ အခြားပြိုင်ဘက် အားလုံးအပေါ်အောင်နိုင်ပြီးနောက် ဗုဒ္ဓလောင်းလျာ သည် ထိုခေတ် ကအလွန် ကျော်ကြားလှသည့် သင်္ချာပညာရှင်ကြီး“အာဇုန” နှင့် ထပ်မံ ယှဉ်ပြိုင်ရသည်။ အာဇုနက ဗုဒ္ဓလောင်းလျာ အားသိပ္ပံနှင့် စပ်ဆိုင်သော ဗဟုသုတ တစ်ခု ကို ထုတ်ဖော်ပြသ ရန် တောင်းဆို သည်။


“ထိုအခါ ဗုဒ္ဓလောင်းလျာကတစ်မိုင်နှင့် ညီမျှသော ရှေးခေတ်ဟိန္ဒူအကွာအဝေးအတိုင်းအတာရောက်အောင် အခြေခံ အဏုမြူတို့ကို တွက်ချက် ဆက်စပ် ပြသည်။အခြေခံ အဏုမြူ ခုနှစ်လုံးသည် အလွန်သေးငယ်သော မြူမှုန် တစ်လုံးကို ဖွဲ့စည်း ပေးသည်။ဤ အလွန် သေးငယ်သော မြူငယ် ခုနှစ်လုံးသည် အတန် အသင့် သေး ငယ်သော မြူမှုန် တစ်လုံးကို ဖွဲ့စည်းပေးပြန်သည်။ဤ အတန် သင့် သေးငယ်သော မြူမှုန် ခုနှစ်လုံးသည်လေတွင် လွင့်မျောတတ်သော မြှူမှုန် တစ်လုံးကို ဖွဲ့စည်းပေး၏။ ဤနည်းအတိုင်းတစ်မိုင် အလျား ပြည့် သည့် တိုင်အောင် ဖြေဆိုပြ ခဲ့သည်။


“စာရင်းပါ ခုနှစ် (၇) အားလုံး၏မြှောက်လဒ် ဂဏန်းလုံးရေ (၅၀) ပါရှိသော ဧရာမကိန်းဂဏန်းကြီး တစ်လုံးကိုပေးရပေလိမ့်မည်။ဗုဒ္ဓ အလောင်းအလျာ ၏အခြေခံ အဏုမြူသည် ခေတ်သုံးအဏုမြူထက် ပမာဏလွန်စွာ ကြီးသေးသည် ဟု စောဒက တက်လိုက တက်နိုင် ပါ၏။ သို့သော် ၆၀၀ဘီစီက ဟိန္ဒူတို့၏သိပ္ပံပညာသည် ကြီးမားသော ကိန်းဂဏန်များနှင့် ပတ်သက်၍မစိမ်းကြောင်း၊အဆန်းတကြယ် မဟုတ်သည့်အကြောင်းကိုသာ လျှင် ပြလိုရင်း ဖြစ်သည်” ဟု ခရမ်းမားက ဆိုသည်။


(၂) ၆၀၀ ရာစု ဘီစီ ကာလတွင် ဂရိ လူ့အဖွဲ့အစည်း၌ ဒဿန၊သင်္ချာနှင့် သိပ္ပံတို့ အထူးတလှယ် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ “ဂဏန်း သင်္ချာ၊ ဂီတ၊ ဂျီဩမေတြီ နှင့် နက္ခတ္တ ပညာ လေမျိုးစပ် ကွာဒရီဗီယမ်” ကို“သင်္ချာ” ဟု ပိုက်သာဂိုရ က သတ်မှတ်သည်။ယင်းသင်္ချာကို “ဘဝ လမ်းညွှန် ဒဿန”အဖြစ်၎င်းက ပြဋ္ဌာန်းခဲ့သည်။ ပိုက်သာဂိုရက -


“ကိန်းသီအိုရီ (ဂဏန်းသင်္ချာ)ကို လေ့လာခြင်းသည် အကျိုးအမြတ် နည်းပါးလွန်းသည် ဆိုခြင်းမှာ မှန်သည်။သို့ရာတွင် ဤလမ်းစဉ် သည် ဘဝသံသရာ မှ လွတ်မြောက်ရေး၊ဘဝတစ်ဖန် ပြန်မဖြစ်ရေးလမ်းစဉ် ဖြစ်၏”ဟု ယုံယုံကြည်ကြည် ဆိုခဲ့၏။


ဤနေရာတွင် “သီအိုရီ”ဟူသော ဝေါဟာရအကြောင်း၊ယင်းဝေါဟာရ အရေးပါလာပုံအကြောင်းကို အနည်းအကျဉ်းလေ့လာကြည့် သင့်သည်။“သီအိုရီ” Theory သည် မူလက “အော့ဖစ်” Orphist ဘာသာရေး ဂိုဏ်းဝင်များ၏အသုံးအနှုန်းဖြစ်သည်။ဂရိဗေဒပညာရှင် “ကွန်းဖို့”က– သီအိုရီ ဟူသည် မှာ -အသက်တမျှ မြတ်မြတ်နိုးနိုးရှာဖွေ အားထုတ်မှု ဟု ဖွင့်ဆို ဖော်ပြ၏။တစ်နည်း –“အရာခပ်သိမ်း အပေါ်ကြည့်ရှုရှာဖွေ အားထုတ်နေသူကို ထာဝရ ဘုရားသခင် အပေါ်ခံစားခြင်း နှင့် တစ်သဘော တည်းထားသည်။၎င်းသေဆုံးပျောက် ကွယ် ခြင်းသည် ဘုရားသခင် ချုပ်ငြိမ်း ပျောက်ကွယ် သွားခြင်း ဖြစ်ပြီး၊၎င်းဘဝ သစ် တစ်ဖန် ပြန်ဖြစ်ခြင်း၌ ဘုရားသခင် တစ်ဖန် ရှင်သန်ပြန်သည်”ဟု ဆိုခြင်းဖြစ်သည်။


ပိုက်သာဂိုရ အဖို့ – “အသက်တစ်မျှ မြတ်မြတ်နိုးနိုးရှာကြံအားထုတ်မှု” Theory ဟူသည် ပိုင်းခြားသိတတ်သော တိဟိတ်ဉာဏ်နှင့် ပတ်သက်သည်ဟု ယူဆသည်။သင်္ချာဆိုင်ရာ သိမြင်မှု အတွင်း၌ ယင်းအဓိပ္ပာယ်သည် ကောင်းစွာ ပေါ်ထွက်လာ၏။ဤသို့ဖြင့် ပိုက်သာဂိုရ ဝါဒမှ တစ်ဆင့် ဖြတ်သန်းလာခဲ့ရာ “သီအိုရီ” သည် တစ်စတစ်စ မျက်မှောက်ခေတ် အဓိပ္ပာယ်သို့ကူးပြောင်းလာခဲ့သည်။သို့ရာ တွင် ပိုက်သာဂိုရ၏ လှုံ့ဆော်မှု အောက်၌ ရောက်နေကြသူ အများ အတွက် အခြေခံ မူ တစ်ခုကို ဘဝင်တကျ စွဲစွဲမြဲမြဲ ဆုပ်ကိုင် မိစေသည်။


ဤဝေါဟာရ ဖွင့်ဆိုချက်သည်ကျောင်းသင်ခန်စာ များ၌ စိတ်မပါ့တပါအနည်းငယ်မျှသင်ကြားဖူးသူ များအဖို့ ထူးဆန်းလှချည့်၊ အဓိပ္ပာယ်မရှိ ဟု မြင်ကောင်း မြင်နေနိုင် သည်။ သို့သော် သင်္ချာချစ်သူများအတွင်းသင်္ချာကပေးသည့်အတွေ့အကြုံ ရင့်ကျက်သူများအတွက် ဤဝေါဟာရ သည် နှစ်လိုဖွယ် အတိရှိ၏။


လက်တွေ့ မျက်တွေ့ ဝါဒီ ဒဿန ပညာရှင်မျာသည် ရုပ်၏ကျေးကျွန် သဖွယ်ဖြစ်နေကြပြီးသင်္ချာပညာရှင် တစ်ဦးအတွက်မှာမူ ဂီတပညာရှင် တစ်ဦးနှင့် ပမာတူသည်။စီစဉ်တကျ လှပစွာ တည်ဆောက်ထားသော စိတ်ကူးလောက၏လွတ်လပ်သော ဖန်ဆင်းရှင် တစ်ဦးဖြစ် လျက်ရှိသည်။


ပိုက်သာဂိုရသည် ကမ္ဘာ့ပထမဆုံး သင်္ချာကျောင်းကြီးကို တည်ထောင်ပြီး “သီအိုရီ ပညာရှင်များ” – “သီအိုရီယန်” များကို မွေး ထုတ်ပေးခဲ့သည်။မျိုးဆက်သစ် မွေးထုတ် နည်းကို အဦးဆုံးကြံစည်ခဲ့သည် ဟုလည်းယူဆနိုင်ပါသည်။ဂိုဏ်းဝင် အပေါင်းတို့ ကျင့်ကြံ နေထိုင်ရမည့် သဘောကိုလည်း– ဥပမာငယ် တစ်ခုပေး၍သွန်သင်ပြသ ခဲ့သေးသည်။


“ဂရိတွင်အိုလံပစ်ပွဲတော်ကြီးကိုစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိသည်။ဤပွဲတော် ကျင်းပချိန်တွင် –ပွဲတော်သို့ လူအများ လာရောက် သည် ဖြစ်၍ –ရောင်းဝယ်ဖောက်ကား မှုစီးပွားရှာရန်အလို့ငှာ ရောက်လာသူများ ရှိသည်။အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် မည့် သူများရှိသည်။စီးပွားရေးအလို့ငှာ လည်းမဟုတ်၊ ဝင်ရောက်ယှဉ်ပြိုင်သူ လည်း မဟုတ် – ပွဲကြည့်ရန်အလို့ငှာ သက်သက်လာ သူများလည်းရှိသည်။ပိုက်သာဂိုရက ၎င်းအသင်းသားများ၏ သဘောထားမှာ ထိုကဲ့သို့ ပင် – ပြိုင်ပွဲကို ကြည့်ရှုရုံ သက်သက်၊ လေ့လာရုံသက်သက်၊ အကဲခတ်ရုံ သက်သက်လာရောက် ကြည့်ရှုသူများကဲ့သို့ နေထိုင်သွားရမည် ဟု သွန်သင်၏။အကျိုးအမြတ် တစ်စုံတစ်ရာ ကိုမျှ မျှော်ကိုးမှု မရှိစေဘဲ ဤလောကသို့ လေ့လာကြည့်ရှု ရုံသက်သက် သာ ဘဝကို အသုံးချသွားကြရန် ဖြစ်သည်။”


“ဥရောပဒဿန နှင့် သင်္ချာပညာကို ထူထောင်ပေးရာတွင် ပိုက်သာဂိုရသည်သင်္ချာဒဿန အမွေများစွာနှင့် ကံစွပ်မိသော မှန်းဆချက်များလည်းပေးခဲ့သည်။ ကံစွပ် မိသော ဟု သုံးရခြင်းမှာ – ယင်းသို့သာ မဟုတ်ပါကအရာတို့၏အတွင်းကျဆုံးအပိုင်းသို့ ဖောက် ထွင်းမြင်နိုင် ၍အနာဂတ်ကို ကြိုတင်ဟောကိန်း ထုတ်နိုင်သလော၊ မဟိဒ္ဓိ ပုဂ္ဂိုလ်ထူးတစ်ဦး၏ဉာဏ်အလင်းပင် ဖြစ်ခဲ့လေသလော”ဟု အင်္ဂလိပ်သင်္ချာပညာရှင် ဝှိုက်ဟက်(A.N.Whitehead) က အံ့ဩဘနန်းရေးသားဖော်ပြခဲ့သည်။


(၃)


ပိုက်သာဂိုရ ၏“သင်္ချာ” ဖွင့်ဆိုချက်နှင့် ရည်ရွယ်ချက်ကိုဆက်လက် ကျင့်သုံးခဲ့သူ အထင်ကရ ပုဂ္ဂိုလ်မှာ ပလေတို (Plato) ဖြစ်သည်။“သင်္ချာ ကို နားလည် သိမြင်အောင် စိုက်လိုက် မတ်တပ် အားထုတ် ခြင်းသည် ဘဝအတွက် (ကောင်းကျိုးချမ်းသာ) ဖြစ်၏” ဟု ပလေတို ကလည်း ဟောပြောပို့ချ ၏။ “ကောင်းကျိုးချမ်းသာ” ဟူသည်နှင့် ပတ်သက်၍ပလေတို၏ ဟောပြောပွဲကိုတက်ရောက် နားထောင်သူ အများဆုံး ဖြစ်ခဲ့ ဖူးသည်ဟု အရစ္စတိုတယ်လ်က ဇာတ်ကြောင်းပြန် ပြောပြတတ်သည်။


ယင်းဟောပြောပွဲသို့တက်ရောက်သူတိုင်းကမျှော်လင့်ထားသည်မှာ ကံကြမ္မာနှင့် ပတ်သက်သော (ဝါ) ဓနဥစ္စာ ရတနာ ကြွယ်ဝခြင်းနှင့် ပတ်သက်သော (ဝါ) ကျန်းမာရေးနှင့် ပတ်သက်သော (ဝါ) ခွန်အားကြီးမားခြင်းနှင့်ပတ်သက်သော လက်ဆောင်တစ်ရပ် စသဖြင့် အကျိုး ရှိစေမည့် တစ်စုံတစ်ခုကို ပလေတို က ဟောပြော လိမ့်မည် ဟူသော မျှော်လင့်ချက်မျိုးဖြစ်သည်။ တကယ် လက်တွေ့ ဟောပြောသော အကြောင်းအရာ မှာသင်္ချာ၊ ဂီတ၊ ဂျီဩမေတြီ နှင့် နက္ခတ် ပညာတို့ သာ ဖြစ်နေ၍ပရိသတ် က အလွန်အံ့အားသင့်သွားခဲ့ရ သည် ဆို၏။ထိုအရာတို့ကို ပြုလုပ်လျှင် အမှန်ပင် ဘဝအတွက်ကောင်းကျိုးချမ်းသာ ကို ရရှိမည်ဟု ပလေတိုကနိဂုံးချုပ် ပြောကြားခဲ့သည် ဆို၏။


ထိုသို့ ဟောပြောခြင်းကြောင့်တက်ရောက်သူတစ်ချို့က ပလေတိုအား လှောင်ပြောင်၍တစ်ချို့ကအပြစ်တင်သွားကြသည် ဆိုသည်။လူအများစုက မယုံကြည် မနှစ်မြို့ သည့်တိုင်အောင် ပိုက်သာဂိုရ ၏ကွာဒရီဗီယမ် သည် ဆက်လက် စိတ်ဝင်စားသူများထံ၌ ရှင်သန် နေဆဲ ဖြစ်သည်။


(၄)


“သီအိုရီကို ရှာကြံနိုင်သော ဉာဏ်ကြီးရှင်များဖြစ်အောင်ပြုမူ နေထိုင်သွားကြပါ” ဟူသော ပိုက်သာဂိုရ၏တိုက်တွန်း သွန်သင်ချက်သည် သူ၏ဂိုဏ်းဝင်များ သာမက၊ ဂိုဏ်းဝင်မဟုတ်သော အခြားဂရိများ အပေါ်မှာပါ လွှမ်းမိုးမှု ရှိခဲ့သည်။ယင်းလွှမ်းမိုးမှု အစွဲအလမ်းကြောင့် ဂရိတို့ သည် သင်္ချာ အသိပညာကို ရှာဖွေ ကြသော်လည်း ကုန်ထုတ် လုပ်ငန်း တွင် လည်းကောင်း၊ ကြီးပွားချမ်းသာရေး အတွက်လည်းကောင်းအသုံးမပြုခဲ့ကြချေ။ အသိပညာသည် အသိပညာ အတွက်သာ ဖြစ်သည်ဟု ရည်စူးကြ သည်။ အသိပညာသည်လူ့ အကျိုးပြုအတွက် ပင်ဖြစ်မလာခဲ့။ယင်း အသိပညာကို လက်တွေ့တွင် အသုံးချမိပါက အလွန်နိမ့်ကျသော အဆင့် သို့လျော့ချသွားပြီ ဟု ယုံကြည် ကြသည်။


ယူကလစ် (Euclid)လက်ထက်တွင် တပည့်တစ်ဦးက “ဂျီဩမေတြီ ပညာဖြင့် လက်တွေ့ အဘယ်အကျိုးကျေးဇူးများ ခံစားရ ပါမည် နည်း” ဟု ညည်းတွား ဆိုသည် ကိုကြား၍ယူကလစ်က အစေခံတစ်ဦးကို “ဟေ့ ဟိုသူငယ်ကိုပိုက်ဆံ တစ်ပြား ပေးလိုက်စမ်းပါ။ငါ့ဆီလာပြီးပညာသင်ရတဲ့ အကျိုးကျေးဇူးကို သူ လက်ငင်းခံစားရပါစေ” ဟု ထေ့ငေါ့ဖူးသည်။ယင်းဖြစ်ရပ်သည် ယင်းခေတ် အချိန်ကသင်္ချာ အသိသညာ အပေါ်မည်မျှ ခံယူထားကြကြောင်း မီးမောင်းထိုးပြလျက် ရှိ၏။


“သီအိုရီယမ် တစ်ဦးသည် နေ့စဉ် လက်တွေ့ဘဝ၏အထက်ကသာ နေရသည်” ဟု ပိုက်သာဂိုရ ၏သတ်မှတ်ချက်ကို ဂရိတို့က အစဉ် တစိုက် လိုက်နာခဲ့ကြသည်။ပိုက်သာဂိုရ(Pythagoras)၊ပလေတို (Plato)၊ ယူဒိုဇတ် (Eudoxus)၊ ယူကလစ် (Euclid)နှင့် အာခိမိဒိ (Archimedes) အစရှိသော ပညာရှင် အဆက်ဆက် သည် ဤလမ်းစဉ် အတိုင်း ကျင့်သုံးခဲ့ကြသည်။သို့ရာတွင် အာခိမိဒိ လက်ထက်တွင် အနည်းငယ် ပျက်ယွင်းစ ပြုလာပြီဟု ဆိုနိုင်သည်။ အဘယ် ကြောင့်ဆိုသော် အာခိမိဒိသည် ထိုအယူအဆကို လက်ခံထား သူ ဖြစ်သော် လည်းအချို့ကိစ္စတို့၌ လက်တွေ့ လုပ်ကိုင် အသုံးချမိသည်များ ရှိ၏။ထိုသို့ ပြုလုပ်မိသည့် အတွက်မိမိ ကိုယ်ကိုယ် ရှက်လွန်းလှ၍လုပ်ဆောင်ချက်များကို မှတ်တမ်းမထားခဲ့ ဟု အဆို ရှိ၏။


(၅)


ပလေတို ၏တပည့်ဖြစ်သူ အရစ္စတိုတယ် ၏ဒဿန များကပိုက်သဂိုရ နှင့် ပလေတို တို့၏ဒသနများကို အနှစ်နှစ်ထောင် နီးပါးမျှလွှမ်းမိုး ဖုံးကွယ် သွားခဲ့ပြန်သည်။ဆက်ခံသူ ကြိုးကြားရှိသော်လည်း ပိုက်သာဂိုရ နှင့် ပလေတို ၏ဒဿနအများစုမှာ အနှစ်-နှစ်ထောင် နီးပါးမျှငုပ်လျှိုး နေခဲ့ ရပေသည်။ ထိုသို့ ဖုံးကွယ် နေခဲ့ကြသော ဒဿနများပြန်လည် ထွက်ပေါ်လာသော အဖြစ်အပျက်သည် ကမ္ဘာ့ သမိုင်းတွင် မှတ်တိုင်တစ်တိုင် ဖြစ်ခဲ့သည်။ ထိုအဖြစ်အပျက်သည် ခေတ်တစ်ခေတ် အဖြစ်သတ်မှတ် ခံရလောက်အောင်လည်းဩဇာ ကြီးမား၏။ကမ္ဘာ့ သမိုင်းပညာရှင်များကထိုခေတ်ကို ရီနေဆန်းခေတ် ဟု ကမ္ဗည်း ထိုးခဲ့ကြသည်။ပြန်လည် ဆန်းသစ်ရေး ခေတ်ဟု လည်းကောင်း၊ဉာဏ်သစ်လောင်းအရေးတော်ပုံ ခေတ် ဟုလည်းကောင်း ခေါ်ဆိုကြပါသည်။


ထိုအချိန်တွင် အီတလီ၌ လူသားဝါဒီ (Humanist) များပေါ်ထွန်းသည်။လောကတွင် လူသည် အဆင့်မြင့်ဆုံးဖြစ်၍လောက အကြောင်းကို သိချင်လျှင် လူ ကို လေ့လာ ရပေမည်။လူ့နှလုံးသား၌ ခံစားရသော ဝေဒနာကိုလည်း နားလည်ရပေမည်။လူ၏စိတ်ကူးဉာဏ် ကွန့်မြူးသလောက် လူ့လောကသည် သာယာဝပြော လာပေလိမ့်မည်။ စိတ်ကူးကောင်းရဖို့ ဆိုလျှင် ရှေးဟောင်းဂရိတွေးခေါ်ရှင် ပိုက်သာဂိုရ နှင့် ပလေတိုတို့၏အတွေးအခေါ်တို့ကို မြတ်နိုး တတ်ရပေဦးမည်။သို့ဖြစ်၍ပိုက်သာဂိုရ နှင့် ပလေတိုတို့ အမှူးပြုသော ဒဿနပညာရှင်များ၏ဒဿန အမြင်ပေါင်းများစွာကို ပြန်လည်လေ့လာကြမည်။ ဤသို့ အမြင်ရှိသူများပေါ်ထွန်းလာခဲ့ကြသည်။


အီတလီ လူသားပဓာန ဝါဒီများသည်အတွေးအခေါ်မှန်လျှင် အလွန် တန်ဖိုး ထားကြသည် ဖြစ်၍ ပိုက်သာဂိုရ နှင့် ပလေတိုတို့၏သင်္ချာအမွေ အနှစ်များကို မက်မက် မောမော ပြန်လည် လက်ခံလာကြသည်။ တစ်ချိန်တည်း မှာပင် အနှစ်နှစ်ထောင်နီးပါး ဩဇာ ညောင်းခဲ့သော အရစ္စတိုတယ်၏အယူအဆ များကို စိစစ် ဖယ်ရှားပစ်ပယ် လာကြသည်။ထိုသို့ အရစ္စတိုတယ် ၏ဩဇာကို ဖယ်ရှား လာခြင်းနှင့် ပိုက်သာဂိုရ၊ပလေတိုတို့၏အတွေးအခေါ်များ ပြန်လည် ဖော်ထုတ် လာကြခြင်းတို့၏အကျိုးရလာဒ် သည်၁၆ ရာစု နှင့် ၁၇ရာစု အတွင်းသိပ္ပံနည်းကျ စူးစမ်းမှု များကို တွန်းအားပေးသော အရင်းခံ အကြောင်းတရား တစ်ရပ် ဖြစ်ခဲ့၏။ရီနေးဆန်းခေတ်(Renaissance ) အီတလီ ဗိသုကာ အတတ်ပညာ ဆိုင်ရာတို့၌ လက်တွေ့ပိုင်းကို ကြည့်ကြည့်၊သဘောတရားပိုင်းကို ကြည့်ကြည့် ဤအချက်မှာ ပေါ်လွင်လျက် ရှိ၏။


အရာဝတ္ထု များ နောက်ကွယ်ရှိ သဘောတရား ပိုင်းကို နားလည် ဆုပ်ကိုင် မိသည်နှင့် တစ်ပြိုင်နက် ဤသည့်အကျိုးအားနိသင်က သူ့ ပတ်ဝန်းကျင် အပေါ် စွမ်းဆောင်နိုင်သော စွမ်းရည်သစ်များကိုပေးပါသည်။တစ်နည်းအားဖြင့် ထိုအကျိုးအာနိသင်သည် လူသားအား ဘုရား သခင် နှင့် ပိုတူလာအောင် ဖန်တီးပေးသည် ဟု ယူဆကြသည်။ ပိုက်သာဂိုရ ဂိုဏ်းသားတို့ကထိုကဲ့သို့ သူမျိုးကို အလွန် ကြီးမြတ်သော သင်္ချာပညာရှင်ကြီး အဖြစ် ရှုမြင်လေ့ ရှိကြသည်။ အကယ်၍ လူသည် အတိုင်း အတာ တစ်ခုအတွင်းလေ့ကျင့်နိုင်စွမ်း ရှိလျှင် လည်းကောင်း၊သူ၏သင်္ချာကျွမ်းကျင်မှုကို တိုးပွားစေနိုင်လျှင် လည်းကောင်း ထိုသူသည် ကိုးကွယ်ရာ အဆင့်တစ်ခုခုသို့ နီးကပ်ရောက်လာခဲ့သည် ဟုဆို၏။ပိုက်သာဂိုရ ၏ဤအမြင်သည်အီတလီ လူသားဝါဒီတို့ ကြားတွင် ပြန်လည် ရှင်သန်လာခဲ့သည်။


အထူးသဖြင့် ပိုက်သာဂိုရ ၏ဂီတမှ ဆင်းသက်လာသော ဟာမိုနီသီအိုရီကို ရီနေးဆန်းခေတ်၌ ပြန်လည်ဖော်ထုတ် တိုးချဲ့လာခဲ့သည်။ဤအချက်သည် ကြီးထွားစ ပြုနေသော ခေတ်သစ် သိပ္ပံပညာ အတွက် အေးမြကြည်သာသော အသိဉာဏ် ပညာပိုင်းအရုဏ်ဦး သဖွယ် ဖြစ်ခဲ့သည်။၁၇ရာစုသို့ ကူးပြောင်းချိန်တွင်သိပ္ပံပညာ၌ခွန်အားလက်နက်တို့နှင့် ပြည့်စုံလာခြင်းမှာ ဤသည်တို့နှင့် ဆက်နွယ်နေ ပါ၏။သိပ္ပံပညာ တစ်စခန်း ထမှုသည် ရီနေးဆန်းခေတ် ပိုက်သာဂိုရ ဝါဒ အပေါ် တိုက်ရိုက် အားဖြင့် လည်းကောင်း၊သွယ်ဝိုက်အားဖြင့် လည်းကောင်းအခြေခံလေသည်။


အနုပညာနှင့်သိပ္ပံပညာ တို့၏လုပ်ငန်းနယ်ပယ် နှစ်ခုအကြားတွင် ဆန့်ကျင်မှု ဟူသည် မရှိပေ။ ထိုလုပ်ငန်းနှစ်ခုသည် နယ်ပယ်များစွာ အတွင်း၌ ကိန်းဂဏန်းများဖြင့် ဖြတ်သန်း၍သစ္စာတရားနောက်သို့ လိုက်ခဲ့ကြသည်။ရှာဖွေလေ့လာမှု၌ အခက်အခဲ ကြုံတွေ့သူ တစ်စုံတစ်ယောက်သည် ကိန်းတို့ ၏ အဆင်အပြင်မျာကို ပိုင်းခြားလေ့လာ ရသည်။ဤအမြင်သစ်ဖြင့် လောကကို ချဉ်းကပ်ခဲ့သည်။


အဘယ်ကြောင့်ဆိုသော် သူတို့ ကြုံတွေ့နေကြရသော ပြဿနာသည် ထိုခေတ် ကျောင်းတော် များတွင် နေရာ ရရှိနေသော အရစ္စတိုတယ် ၏ဝါဒနှင့် အရင်းခံမှ စ၍ခြားနားနေကြသောကြောင့် ဖြစ်၏။သင်္ချာကို အလေးမထားဘဲ ပစ်ပယ်သော အရစ္စတိုတယ်၏ဝါဒအစား လေ့လာနည်းအသစ်ကိုကိုင်စွဲကြ ရခြင်းဖြစ် သည်။ပြဿနာ သစ်များသည်ကျောင်းတွင်းပြဋ္ဌာန်းချက် များအပေါ်အမှီ သဟဲ မပြုပေ။တရားသေ မဟုတ်သည့် ပြဿနာ များဖြစ်ပြီး ကိန်းများ၏သိပ္ပံပညာ အပေါ်အမှီသဟဲ ပြုနေ၏။ ဤပြဿနာ မျိုးများကို ကြုံတွေ့ လာခဲ့ရသည်မှာ အချိန် အတော်ကြာလာခဲ့ပြီဖြစ်၏။နယ်ပယ် အားလုံးလောက်မှာ လိုလိုပင် အဆင့်ကျော်ပြီးလုပ်ကိုင်နေရ သည့် အန္တရာယ်ကို အမြဲလိုလိုအမှတ်ရနေခဲ့ကြသည်။ထို့ကြောင့် ပြန်လည် ဆန်းသစ်ရေးသည် မလွှဲမရှောင် သာ ပေါ်ပေါက်လာ ခဲ့ရခြင်းဖြစ် သည်။


ဤတွင် လိုအပ်သည်ထက် ပိုမို လွန်ကဲသော ကိစ္စများလည်းပါရှိခဲ့သည်။အခြားမဟုတ်။ နားလည်ရန် ခက်ခဲသော ဂမ္ဘီရ ဆန်ဆန် သင်္ချာ စိတ်ကူးယဉ်မှု များ ကိစ္စ ဖြစ် သည်။ကိန်းများအပေါ်၌အင်းအိုင်ခလှဲ့ များက မှီခိုနေသည် ဆိုသော အယူသည်းမှု၊ အစွဲအလမ်းများတစ်နည်းကိန်းများကိုအင်းအိုင်သင်္ကေတ အဖြစ် မှတ်ယူနေမှု များပင် ဖြစ်သည်။ဤအယူသည်းမှုများကအချိုးတူ သီအိုရီ ကို နောက်ပိုင်းရာစုများ၌ဂုဏ်သိက္ခာ ညှိုးနွမ်းစေခဲ့သည်။ဤစိတ်ကူးယဉ်မှု များသည် နိယာမများနှင့်လည်းဆန့်ကျင်သည်။သို့ရာတွင် ယနေ့ခေတ် အထိ ယင်းအယူသည်းမှုများက ဆက်လက် ရှင်သန်နေဆဲဖြစ်သည်။ မည်သို့ပင် ဖြစ်စေရီနေဆန်းခေတ် ကို ဖန်တီးခဲ့သော စည်းမျဉ်းအလှည့်အပြောင်းကိစ္စသည် မဝေးသော အနာဂတ် အတွက် ထူးခြားသော စွမ်းဆောင်မှုများကို ပေါ်ပေါက်စေခဲ့သည်။


ပိုက်သာဂိုရ နှင့် ပလေတို တို့၏ကောင်းမွေများကို ပြန်လည် ဆန်းသစ်နေချိန်၌ ကျမ်းစာများကိုပုံနှိပ်ဖြန့်ချီနိုင်ခြင်း၊ သင်ယူပုံ ဆန်းသစ်ခြင်းတို့သည် ၁၇ ရာစု အတွက် ကြီးမားသော ဒဿနစနစ်ကိုလမ်းခင်းပေးလိုက်သည်။ထို့ပြင် သိပ္ပံတော်လှန်ရေးကြီးကိုလည်းစတင် ပေါ်ပေါက်စေ ခဲ့သည်။ခိုင်မြဲနေသော အရစ္စတိုတယ် ၏ရူပဗေဒနှင့် ယုတ္တိဗေဒတို့ကို တစ်စတစ်စ ဖယ်ရှားခြင်း၊ပိုက်သဂိုရ ဝါဒကို အနည်းနှင့် အများဆိုသလို အခြေခံ ပြန်ယူခြင်းတို့သည် အမှန်တရားကို ပြီးပြည့်စုံအောင် လုပ်နိုင်ရေးအတွက် ယေဘုယျ အကျဆုံး နှင့် စွမ်းအင် အကြီးဆုံးအဆိုကြမ်း တစ်ခုကို ရှာဖွေ တွေ့ရှိစေခဲ့သည်။


အီတလီ လူသားဝါဒီတို့ ပိုက်သာဂိုရ ဝါဒနှင့် ထိတွေ့မိသောကြောင့် ပိုလန် အမျိုးသား နက္ခတ္တဗေဒပညာရှင် ကော်ပါးနီးကပ် (၁၄၇၃– ၁၅၄၃ ) သည် နေစကြဝဠာ စနစ်မှန် ကို ထုတ်ဖော်နိုင်ခဲ့သည်။၁၇ ရာစု အစပိုင်းသို့ ရောက်သော အခါပိုက်သာဂိုရ ဝါဒကို အရူးအမူး လက်ခံသူ ဂျာမန်အမျိုးသား နက္ခတ္တဗေဒပညာရှင် “ကက်ပလာ” က ဂြိုလ်သွားလမ်းမှန် သဘောကို ရှာဖွေနိုင်ခဲ့ပြန်သည်။


(၆)


၁၇ ရာစုတွင် ဉာဏ်ကြီးရှင် အများအပြားပေါ်ထွန်းလာသည့် အလျောက် သင်္ချာကိုင်းကွဲတိုင်း၌တိုးတက်မှု အသီးသီးရရှိလာခဲ့သည်။ သင်္ချာကိုင်းကွဲ များစွာ ရှိသည့် အနက် ရိုးရိုးသင်္ချာ (Pure Mathematics) သည် အခြားအသိပညာများမှ ကင်းကင်းရှင်းရှင်း ရှိနေသော အမျိုးအစား ဖြစ်သည်။တစ်ဖန် ဂဏန်း သင်္ချာ သည် ရိုးရိုးသင်္ချာတွင်မှ အရိုးရှင်းဆုံးဖြစ်သည်ဟု ယူဆပြန်သည်။အရိုးဆုံးဖြစ်သောကြောင့် လည်းဂဏန်းသင်္ချာကို လွယ်ကူသည်ဟု မှတ်ယူထား တတ်ကြသည်။ လက်တွေ့ကြုံနေရသည့် အခြေခံ အဆင့် ၌ဂဏန်းသင်္ချာ သည် လွယ်ကူနေသည်မှာ ထင်ရှားသော်လည်း အခြေခံ အဆင့်ကို ကျော်လွန်သည့် အပိုင်းတို့၌ကားအလွန် ခက်ခဲ လာသည်။


အခြေခံ အဆင့်ထက် ကျော်လွန်သော ဂဏန်းသင်္ချာ နယ်ပယ်ကို “ကိန်းသီအိုရီ” Theory of Numberဟု ခေါ်ကြသည်။ကိန်းသီအိုရီ၏ အခြေခံ စည်းမျဉ်း ဥပဒေသ များနှင့် လုပ်ထုံးလုပ်နည်းများသည် အဓိပ္ပာယ် သတ်မှတ် ဖော်ပြရန်ပင် ခက်ခဲ၏။ ကိန်းသီအိုရီ သည် နက်နဲသော အတွေးသမားများ၏စွမ်းရည်ကို အစဉ် တောင်းခံ လျက် ရှိသည်။ ကိန်းဂဏန်းတို့၏အဓိပ္ပာယ်ကို ကလေးတစ်ယောက်နားလည်အောင် ပင် ဖော်ပြနိုင်သည်။သို့သော်ယင်းတို့၏ နက်နဲသော သရုပ်တို့ကို ကိန်းသီအိုရီ ဆိုင်ရာ ပြဿနာ များက ရာစုနှစ်ပေါင်း များစွာ ဟန့်တား အာခံခဲ့ကြသည်ချည်းဖြစ်သည်။


ကိန်းသီအိုရီသည် သင်္ချာပညာရှင်များဖော်ထုတ်သော ပညာရပ် ဖြစ်သော်လည်း ယင်းသင်္ချာပညာရှင်များကိုပင် အဟန့် အတားဖြစ်စေ ခဲ့သည်။အချို့အရာ များလောက်ကို သာလျှင် သင်္ချာပညာရှင် များတွေးခေါ်နိုင်ခဲ့သည်။ကိန်းသီအိုရီ ၏ဂုဏ်အင်္ဂါများကိုအဓိပ္ပာယ် သတ်မှတ် ဖော်ပြရာတွင် လည်းကောင်း၊ ယင်းတို့၏ အပြုအမှု အကျင့် စရိုက်များကို သတ်မှတ် ပြဋ္ဌာန်းရာတွင်လည်းကောင်းပုံသေနည်း များ၏အကျုံးဝင်မှုကို သိမြင်ရန် သင်္ချာပညာရှင် များ ပြင်းပြင်းထန်ထန်စိန်ခေါ်ခံ၊ အဖိနှိပ် ခံနေရဆဲ ဖြစ်သည်။


သင်္ချာ နယ်ပယ် ပေါင်း များစွာ၌ထူးချွန်သော “ဂေါက်”Gauss သည် ကိန်းသီအိုရီ ၏ထူးခြားအံ့ဩဖွယ်များကို ထိုးထွင်းသိမြင်ခဲ့သည်။၁၈၄၁ခုနှစ်တွင် ပြုစုရေးသားခဲ့သော သူ၏ကျမ်းသည် – အဆင့်မြင့် ဂဏန်းသင်္ချာနယ်တွင် မရှိမဖြစ်အရေးပါသော ကျမ်းဖြစ် ၏။ပြောင်မြောက်သော ထိုကျမ်းထဲမှ ကိုယ်ပိုင် တီထွင်ချက်တစ်ချို့၌ သူကိုယ်တိုင် ကြိုတင်မမြင်နိုင်လောက်အောင် ပိုမို ကျယ်ပြန့်သော ထူးခြားမှု များပါရှိခဲ့သည်။ယင်းမှာ ထပ်တူညီ အသိသညာ သဘောတရား(Notation of Congruence) ဖြစ်သည်။


ဂဏန်းသင်္ချာ နှင့် ပတ်သက်၍၁၈၄၉ခုနှစ်တွင်“ဂေါက်” က တပည့်ဖြစ်သူ “အိုင်စင်စတိန်း” ၏ကျမ်းအမှာ၌ မိမိအမြင်ကို ရေးပြ ခဲ့ဖူးသည်။ ယင်းကျမ်းကို ဂျာမန် ဘာသာမှ အင်္ဂလိပ်ဘာသာသို့ အိုင်းရစ်သင်္ချာပညာရှင် အိတ်-ဂျေ-စမစ် (H.J.Smith) (၁၈၂၆ –၁၈၈၃)က ဘာသာ ပြန်ဆိုထားသည်။


“အဆင့်မြင့် ဂဏန်းသင်္ချာသည် ကျွန်ုပ်တို့အားမကုန်မခန်းနိုင်သည့်သိုလှောင်ရုံကြီး တစ်ခုကို လက်ဆောင်ပေးအပ်ထား၏။ယင်းသိုလှောင်ရုံကြီး၌ စိတ်ဝင်စားဖွယ် ကောင်းသော မှန်ကန်ချက် များ တစ်ခုနှင့် တစ်ခု ကင်းကွာမနေဘဲ နီးကပ် ဆက်နွယ်လျက် ရှိ၏။သိပ္ပံ ပညာရပ် ၏မရပ်မနားတိုးတက်မှု တစ်ခုစီနှင့် အတူ ယင်းတို့ကြားအဆက်အစပ် များသည် ကျွန်ုပ်တို့ မျှော်လင့် မထားသည့်အသစ်များဖြစ်ကြ သည်။


“အရေးပါသော အဆိုများဆီသို့ ခြုံယူဆင်ခြင်နည်းဖြင့် ကျွန်ုပ်တို့ အလွယ်တကူ ရောက်လာနိုင်သော ထူးခြားချက် တစ်ခု ရှိသည်။ယင်းထူးခြားချက် မှာ နောက်ဆက်တွဲ ဆွဲဆောင်မှု တစ်ရပ်ကို ဂဏန်းသင်္ချာသီအိုရီ ၏အထင်ကရ အပိုင်းများက ရယူ ခဲ့ခြင်း ဖြစ် သည်။


“ယင်းအဆိုများသည် ရိုးရှင်းနေပုံရသော်လည်းကောက်နှုတ်ချက်အများအပြား ပြုလုပ်ပြီးသည့် နောက်တွင် ပင်ထင်ရှားပေါ်လွင်သော သက်သေပြချက် မျိုး ရှာတွေ့နိုင် ခဲလှ၏။အချည်းနှီး ဖြစ်ခဲ့ ရသော အားထုတ်မှု များစွာ ရှိခဲ့ပြီး သက်သေပြချက် များ သည် အလွန်နက်ရှိုင်းစွာ တည်ရှိနေဆဲ ဖြစ်၏။


“ငြီးငွေ့ဖွယ်ကောင်းပြီး အစစ်အမှန် မဟုတ်သော နည်းများဖြင့် သက်သေပြချက်မျာကိုလည်းရရှိတတ်သည်။သက်သေပြချက် နှင့် ပတ်သက်သော ရိုးရိုးနည်းများသည်ကျွန်ုပ် တို့ ထံမှ ကာလ ရှည်ကြာစွာ ပုန်းရှောင်နေကြဆဲ ဖြစ်သည်။” ဟူ၍ကိန်းသီအိုရီ၏ခက်ခဲပုံ ကို ရေးသားဖော်ပြထားသည်။


ကိန်းသီအိုရီ ၏ခက်ခဲမှုကို နဖူးတွေ့ ဒူးတွေ့ကြုံရဖန်များလာရသော “ဂေါက်” သည် ဂဏန်းသင်္ချာ ၏အဆင့်မြင့်မားပုံကို ရှင်းရှင်းလင်းလင်းသိမြင်လာခဲ့သည် ဖြစ်၍“သင်္ချာသည် သိပ္ပံ၏ဘုရင်မ၊ဂဏန်းသင်္ချာသည် သင်္ချာ၏ ဘုရင်မ”ဟု ချီးမြှင့် ကင်ပွန်းတပ်သည်အထိ ဖြစ်ခဲ့သည်။


သင်္ချာ သည် သိပ္ပံပညာ၏ဘုရင်မ ဖြစ်သည် ဆိုသည့်အတိုင်းယင်းသည် အခြားအသိပညာ ကိုင်းကွဲများနှင့် မဆက်ဆံ မိအောင် ရှောင်ရှားဖို့ ကြိုးပမ်းနေတတ်သည်။ထိုအထဲမှ ဒဿန စစ်စစ် ရိုးရိုးသင်္ချာကို သင်္ချာပညာရှင်များ ပိုမို တန်ဖိုးထားခဲ့ကြသည်။


ထို့ကြောင့် သင်္ချာပညာရှင်များ၌ အုပ်စုနှစ်စု ကွဲခဲ့သည်။တစ်မျိုးမှာ သင်္ချာဘာသာ အသီးသီးတို့ကို သိပ္ပံ ဘာသာရပ် တစ်မျိုးမျိုး၌ အသုံးကျအောင် အားထုတ်သူ သင်္ချာပညာရှင် များကို “အသုံးချ သင်္ချာပညာရှင်” များဟု ခေါ်သည်။ ကျန်တစ်မျိုးမှာ သင်္ချာကို ဒဿန သဘော လေ့လာသည့် သင်္ချာပညာရှင်များဖြစ်ကြသည်။ယင်းတို့ကို ရိုးရိုးသင်္ချာပညာရှင်များ ဟု ခေါ်ကြသည်။


အသုံးချသင်္ချာ ကို အလေးပေးသူ နှင့် ရိုးရိုးသင်္ချာကို အလေးပေးသူ ဟူ၍အချင်းချင်းဆန့်ကျင် ဘက်ပြိုင်မှုများရှိလာခဲ့ကြသည်။ဤသို့ ဖြစ်နေမှုကို ပပျောက်သွားစေရန် ရည်သန်လျက် “ရိုးရိုးသင်္ချာ နှင့် အသုံးချ သင်္ချာ နှစ်ရပ် တွဲဖက် ကွန်ဂရက်”တစ်ရပ်ကိုကျင်းပ ခဲ့ကြသေးသည်။ထိုကွန်ဂရက်တွင် ဂျာမန် အမျိုးသားသင်္ချာ ပညာရှင် ဒေးဗစ်ဟီးလ်ဗတ် David Hilbert(၁၈၆၂ – ၁၉၄၃ ) ကို အဖွင့် မိန့်ခွန်းမြွက်ကြားပေးပါရန် ပန်ကြားခဲ့ကြသည်။ ဟီးလ်ဗတ်က -


“ရိုးရိုးသင်္ချာနှင့် အသုံးချ သင်္ချာတို့သည်တစ်ခုနှင့် တစ်ခု ရန်ဘက်များဖြစ်ကြသည်ဟု ကျွန်ုပ်တို့ မကြာခဏဆိုခဲ့ကြသည်။ဤသည် မှာ မမှန်ကန်ပေ။ ရိုးရိုးသင်္ချာနှင့် အသုံးချသင်္ချာတို့သည် တစ်ခုနှင့် တစ်ခု ရန်ဘက်များမဟုတ်ကြပါ။ရိုးရိုးသင်္ချာနှင့် အသုံးချ သင်္ချာ တို့ သည် ဘယ်သောအခါမှလည်းတစ်ခုနှင့် တစ်ခု ရန်ဘက် များဖြစ်ကြ လိမ့်မည် မဟုတ်ပါ။အဘယ်ကြောင့် ဆိုသော် ထိုနှစ်ခုကြား၌ ဘုံတူညီချက် ဟူ၍ဘာဆို ဘာမှ မရှိခြင်းကြောင့်ဖြစ်ပါသည်” ဟု ခပ်ရှင်းရှင်းမိန့်ဆိုခဲ့သည်။


ဂျီဩမေတြီ တွင် ရှေးဂရိသင်္ချာပညာရှင်တို့ ထားခဲ့သော အခက်အခဲ ဟူသမျှကို ယနေ့ခေတ် သင်္ချာပညာရှင် များ ကျော်လွှားနိုင် ခဲ့ကြသည်။သို့ရာတွင် ဂဏန်းသင်္ချာ၌မူ ဂရိတို့ ထားခဲ့သော အခက်အခဲများထဲမှ အများစုကို ယခုခေတ် သင်္ချာ ပညာရှင်များကျော်လွှားနိုင်ခြင်း မရှိကြသေးသည်ကများနေဆဲ ဖြစ်သည်။ မလျော့သော ဇွဲ လုံ့လဖြင့် နည်းလမ်းသစ်များတီထွင်လုံးပန်း ကြရပေဦးမည်။


ကိန်းသီအိုရီ ခေါ်ဂဏန်းသင်္ချာနှင့် သင်္ချာပညာရှင်တို့ အကြောင်းကို ၁၉၂၉ခုနှစ်တွင် ဒစ်ဆန် က ကိန်းသီအိုရီနိဒါန်း ကျမ်းတစ်စောင်ထုတ်ဝေ ခဲ့သည်။ ထိုကျမ်းအမှာ၌ -


“နှစ်ဆယ်ရာစု အတွင်းကိန်းသီအိုရီသည်ထိပ်တန်းသင်္ချာပညာရှင်များနှင့် ထောင်ပေါင်းများစွာသော အပျော်တမ်းဝါသနာရှင်မျာ သုတေသန ပြုကြသော အကြိုက်ဆုံးဘာသာရပ်ဖြစ်လျက် ရှိပြီးမကြာသေးမီ က စူးစမ်းချက် များသည် ရှေးယခင် စူးစမ်း ချက် များနှင့်နှိုင်းယှဉ် လျှင် သာလွန် သည် ကို တွေ့ရ ပါ၏။ နောက် အနာဂတ်အဖို့၌ ရှာဖွေ တွေ့ရှိ ဦးမည့် အချက်အလက် များသည် အတိတ်က တွေ့ရှိပြီးသားများထက် အပုံကြီးသာလွန်ပေလိမ့်ဦးမည်” ဟု မြှောက်ပင့်ရေးခဲ့သော်လည်း – ဂဏန်းသင်္ချာ သည် သင်္ချာ ဘုရင်မအဖြစ် အမြင့် တစ်နေရာ တွင် ဆက်လက် တည်ရှိနေပေလိမ့်ဦးမည်။