Tuesday, May 21, 2013

ပထမကျော် နှင့် မြစ်ဖျားခံရာ

ပထမကျော် နှင့် မြစ်ဖျားခံရာ


ပထမပြန်စာမေးပွဲကို အင်းဝခေတ်အင်းဝမြို့ ညောင်ရမ်းမင်းဆက် ၁၀-ဆက်တွင်သုံးဆက်မြောက် သာလွန်မင်းတရားကြီးလက်ထက် မြန်မာသက္ကရာဇ် ၁၀၀၀-ပြည့်နှစ်တွင် စတင် ကျင်းပခဲ့ကြောင်း ရာဇဝင်များက ဆိုသည်။ထိုအကြောင်းအရာများကို---“စာသဘင်ပွဲ၊ပါဝင်နွဲ၏၊ ရာဇဝင်ပြချေ၊ အစဖွေသော်၊ မြမြေအမွန်၊ ဝမြေစွန်ဝယ်၊ သာလွန် ဓမ္မရာဇ်၊ဧကရာဇ်၏၊ သက္ကရာဇ်ဆောင်ပြည့်၊ တစ်ထောင်ပြည့်တွင်”စသည်ဖြင့်မှတ်တမ်းတင်ခဲ့ကြလေသည်။


ပထမ စာတော်ပြန်ပွဲမှ ပထမပြန် ဝေါဟာရကို အစမူလက“ပထမစာတော်ပြန်ပွဲ”ဟု ခေါ်တွင်ခဲ့သည်။အင်ရုံစာတမ်းခေါ်လောကဗျူဟာကျမ်း၌ ‘ပထမပဉ္စင်းလောင်း’စသောအသုံးအနှုံးများကို တွေ့ရသည်။ အဆင့်ခွဲခြားရာ၌သက္ကဒါန် သိကြားစာတမ်း နန္ဒယော်ဓာဝန်ကြီးခန့် ပြန်တမ်းများတွင် “ဝတ်ရည်စားရည်ဟန်ပန်သပ်ရပ်ခြင်းရှိ၍ ဣနြေ္ဒသိမ်မွေ့သော ဉာဏ်ပညာထက်မြက်ကာ သင်ကျမ်းများလည်း ကျေ၍ မေးသမျှ အဆစ်အပိုင်းများလည်းမကြွင်းမကျန် ဖြေဆိုနိုင်သော သာမဏေကိုပထမပဉ္စင်းလောင်းအဖြစ် ချီးမြှောက်ကြောင်း” ဆိုထားသဖြင့်ပထမ ဟူသောဝေါဟာရမှာ ထိုခေတ်က အများသူငါ စိတ်ဝင်စားအထင်ကြီးသော ဝေါဟာရတစ်ခုဖြစ်သည်။ထိုဝေါဟာရကို စွဲ၍ “ပထမ စာတော်ပြန်ပွဲ”ဟု စတင်အမည်တွင်ခဲ့၊မှည့်ခေါ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ယင်းစာတော်ပြန်ပွဲမှ‘ပထမပြန်’ဟု အမည် ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြသည်။ရဟန်းရှင်လူတို့က အလေးအမြတ်ထားလေ့ရှိသော ပထမနေရာအတွက် ပြန်ဆိုရသည်ကို စွဲ၍ “ပထမပြန်”ဟု ခေါ်ဆိုကြောင်း ဖော်ပြထားကြသည်။ ထို ပထမပြန်စာမေးပွဲသည် ပြန်၍ ရေတွက်သော်လက်ရှိ ကောဇာသက္ကရာဇ်ကို ရှေ့ဆုံးမှ‘တစ်’ ဖြုတ်လိုက်ပါက သူ၏ သက်တမ်း(၃၇၃)နှစ်ရှိပြီ ဖြစ်သည်။ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး စာမေးပွဲတို့တွင် တစ်ခုအဖြစ် ရပ်တည်လျက် ရှိပေလိမ့်မည်။ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်၊ ဆိုရှယ်လစ်ခေတ်နှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်ဟု ခေတ်အဆက်ဆက်ကို ကျော်ဖြတ်ခဲ့ ခရီးနှင်ခဲ့ပြီ ဖြစ်သည်။ ထိုသို့ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့ရသော ပထမပြန် စာမေးပွဲသည် ကျင်းပပုံ ခြင်း၊ ပြဋ္ဌာန်းပုံခြင်း၊ ပြဋ္ဌာန်းပုံ ကျမ်းစာခြင်း၊ ကျင်းပသည့်လခြင်းအနည်းငယ် ကွာဟချက် ရှိကြသည်။ သူ့ခေတ်နှင့်သူ လိုက်လျောညီမှုဖြစ်အောင် ပြဋ္ဌာန်းခဲ့ကြ၊ စီစဉ်ခဲ့ကြခြင်း


သာလွန်မင်းတရာကြီးလက်ထက်ကျင်းပခဲ့သည့်သက္ကရာဇ် (၁၀၀၀)ပြည့်နှစ်မှာပင်စတင်ရရှိသော “ပထမကျော်”မှာ ရှင်ဉာဏဝရ ပင်ဖြစ်သည်။ နောင်တွင် “ပထမကျော်အောင်စံထားဆရာတော်”ဟု သမိုင်းတွင်ခဲ့၊ နာမည်ကြီးခဲ့သည်။ ထိုအချိန်မှ စ၍ ခေတ်အဆက်ဆက်မှာပင်‘ပထမကျော်’ဟူသော နာမည်သည် ကျော်ကြားလာခဲ့သည်။ရှင်ဘုရင်၊အိမ်ရှေ့မင်း၊ မိဖုရား၊ အမတ်ကြီးများစသော ပုဂ္ဂိုလ်များက အားပေး ပူဇော်ခဲ့လို့လည်း နာမည်ကြီးခဲ့ခြင်း ဖြစ်သည်။


ပထမကျော်လုပွဲ နှင့် ဆရာတော် ဥုးဗုဓ်ဆုံးဖြတ်ချက် အင်းဝခေတ် ဖလ်နန်းရှင်ခေါ်သော ဘကြီးတော်မင်းတရားလက်ထက်တွင် “ဒီနှစ်တော့ အိမ်ရှေ့မင်း (သာယာဝတီမင်း)၏ ကျောင်းတိုက်ကပထမကျော်ရမည်”ဟု သတင်းများ ထွက်ပေါ်နေသည်။ထိုအချိန်အခါ၌နန်းမတော်မယ်နုနှင့် မင်းသားကြီး မောင်အိုတို့က ပထမကျော်လောင်းလျာကို ဖြားယောင်းပင့်ဆောင် သွားသည်။ ထို့နောက်၌“နန်းမတော်မယ်နု ကျောင်းတိုက်က ပထမကျော်ထွက်မည်”ဟု သတင်းများ ထွက်ပေါ်လာပြန်သည်။ထိုသတင်းကိုဘကြီးတော် မင်းတရာ၏ ညီတော်အိမ်ရှေ့စံဖြစ်သူသာယာဝတီမင်းကကြား၍ စုံစမ်းသည့်အခါ သူ့ကျောင်းက ပထမကျော်လောင်းလျာ နန်းမတော်ကြီး၏ ကျောင်းသို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။


ထိုသို့သိရသော အချိန်မှ စ၍ အိမ်ရှေ့မင်းဖြစ်သော သာယာဝတီမင်းသားသည်အကြီးအကျယ်ဒေါသများ ပေါက်ကွဲထွက်၍ နောင်တော်ဘကြီးတော်မင်းထံ သွားရောက် တိုင်တန်းသဖြင့် ပြဿနာသည်ပို၍ ကြီးထွားသွားသည်။ ဘကြီးတော် မင်းတရာသည်လည်းတစ်ဖက်က ညီတော်ဖြစ်၍တစ်ဖက်က မိဖုရားခေါင်ကြီး ဖြစ်နေပြန်သဖြင့်ဤအမှုကိုဆုံးဖြတ်ရန် ခက်နေသည့်အတွက်သာသနာပိုင်ဆရာတော်များထံအဆုံးအဖြတ် ပေးရန်အမှုကိုအပ်နှံလေသည်။သာသနာပိုင် ဆရာတော်များကလည်း ရှင်ဘုရင်ကိုယ်တိုင်မဆုံးဖြတ်နိုင်သော အမှုဖြစ်၍ သူတို့လည်းဆုံးဖြတ်ရခက်နေကြသည်။ ရက်ပေါင်းများစွာပင် အကြောင်းတစ်မျိုးမျိုးပြကာ “ကဲ ဒီနေ့ စာကြည့်ကြအုံးစို့”ဟုဆိုကာ နေ့ရွှေ့ လရွှေ့နှင့်အမှုမှာ ကြန့်ကြာ၍


သာသနာပိုင်ဆရာတော်များကလည်းရှင်ဘုရင်ကဲ့သို့ပင် တစ်ဖက်က အိမ်ရှေ့မင်း၊ တစ်ဖက်က နန်းမတော်ကြီး ဖြစ်နေကြသည်က တစ်ကြောင်း၊ အိမ်ရှေ့မင်းဖြစ်သော သာယာဝတီမင်းကလည်း သူသာ ဤအမှုကိုရှုံးပါကမည်သူပဲဖြစ်စေ အရှင်မထားဘူး-ဟု ဓားကြိမ်းကြိမ်းနေသည်က တစ်ကြောင်းတို့ကြောင့်ဆရာတော်များဆုံးဖြတ်ရခက်နေသည်။ ထိုသို့ အခက်တွေ့နေ၍ အသက်ရှုပင် ကျပ်နေသော အချိန်၌-ဆရာတော်ဥုးဗုဓ်က “ဆရာတော်တို့ဆွမ်းစားကာ၊ နေ့တိုင်းပင် စာကြည့်မည် ဆိုပြီး၊ ရက်တွေရွှေ့လာတာ ကြာပြီ၊ ဒီအမှုကိုခုထိ မဆုံးဖြတ်သေးဖူးလား”ဟုလျှောက်ထားပါသည်။ သာသနာပိုင်ဆရာတော်များကတစ်ဖန်“ဒါဖြင့်ရင် ဆရာတော်လေးကရော ဆုံးဖြတ်နိုင်ပါ့မလား”ဟု မေးသောအခါ ဆရာတော် ဥုးဗုဓ်က“ဒီအမှုကို အပ်ပါက ဆုံးဖြတ်ပါမည်”ဟု လျှောက်ထားသည်။ထိုအမှုကိုဆရာတော်ဥုးဗုဓ်အား အပ်လိုက်ရတော့မှဆရာတော်ကြီးများလည်းအိပ်ပျော်စားဝင် ပျော်ရွှင်၍သွားတော့သည်။ ဝန်ထုပ်ကြီးလည်းကျသွား၊ အသက်ရှုလည်း ဝသွားတော့သည်။


စိတ်ခက်ထန်လှသော သာယာဝတီမင်းနှင့် တောသူဘဝမှ မိဖုရားခေါင်ကြီး ဖြစ်လာခဲ့သော ‘ကြက်ကောင်း၊ ခေါင်းဆိတ် မခံ’ဆိုသလိုဖြတ်ထိုးဉာဏ်ကောင်းလှ ထက်မြက်လှသော နန်းမတော်မယ်နုတို့၏ ထိပ်တိုက်ရင်ဆိုင်သည့် ဤအမှုအတွက် ဆရာတော် သံဃာတော်ကြီးများ၊ မှူးကြီးမတ်ရာများ၊ တိုင်းသူပြည်သားများ၊ အင်းဝနေပြည်တော် ဝန်းကျင်တစ်ခုလုံး အုံးအုံးကျွက်ကျွက် ဖြစ်ကာ အထူးပင်စိတ်ဝင်စားစွာဖြင့်မည်သို့မည်ပုံ ဆုံးဖြတ်မည်ကို စောင့်စားနေကြသည်။


ဆုံးဖြတ်မည့်နေ့သို့ရောက်သောအခါ သာသနာပိုင် ဆရာတော်ကြီးများ၊သံဃာတော်များ၊ နှစ်ဖက်သောအမှုသည်များ ဖြစ်ကြသော အိမ်ရှေ့မင်းနှင့်မိဖုရားခေါင်ကြီးတို့၏ရှေ့မှောက်၌ ဆရာတော် ဥုးဗုဓ်ဆုံးဖြတ်ပုံမှာ ---“ဤအမှုသည် မိဖုရားခေါင်ကြီး မိနုနှင့်လည်း မဆိုင်၊ အိမ်ရှေ့မင်း ငခင်နှင့်လည်းမဆိုင်။ဆရာဘုန်းကြီးချင်း တပည့်လက်သား ဖြားယောင်းသောအမှုဖြစ်ပေသည်။ ထိုကြောင့် ‘န ဘိက္ခဝေ အညဿ ပရိသာ အပလာဠေတဗ္ဗာ၊ ယော အပလာဠေယျ အာပတ္တိဒုက္ကဋဿ’ ဟူသော (ဝိ-ပါ၊ ၃၊ ၁၁၉)ဝိနည်း ပါဠိတော်အရ .. နန်းမတော်ကြီး၏ကျောင်းဘုန်းကြီးသည်သူတစ်ပါး၏တပည့်သားကို လှည့်ဖြားခြင်းကြောင့် ဒုက္ကဋ် အာပတ်သင့်သည်၊ ဒေသနာ ကြားလေ။ အနီးအနားရှိ ရဟန်းတစ်ပါးကဒေသနာ ခံစေ။အိမ်ရှေ့မင်း၏ ကျောင်းတိုက်၌ သီတင်းသုံးသော ဘုန်းကြီးသည်လည်း မိမိ တပည့်သားကို အထိန်းအကွပ် ညံ့ဖျင်းသောကြောင့် စေတိယင်္ဂဏဝတ်၊ဗောဓိယင်္ဂဏဝတ်ပြုလေ၊ ပထမကျော်လောင်းလျာသည်လည်းအဂတိ လိုက်စားခြင်းကြောင့် ယခုနှစ် စာမေးပွဲ ဝင်ခြင်းမှ ရပ်ဆိုင်းစေ”ဟု ဆုံးဖြတ်လိုက်လေသည်။


ဤအဆုံးအဖြတ်သည်တရားမျှတ ဝိနည်းလမ်း ကျခဲ့ခြင်းတို့ကြောင့် ထိုအချိန်က အမှုသည်များရောရဟန်းရှင်လူတို့ပါ ကျေနပ်ခဲ့ကြ၍ နောင်သာသနာတွင် စံပြ အဆုံးအဖြတ်ပင် ဖြစ်လာခဲ့ပေသည်။ စတင်ကာ ခေတ်အဆက်ဆက်ဤမျှအထိတန်ဘိုးထားကြရုံမျှမက ယခုကာလတိုင်အောင်လည်း ရဟန်းရှင်လူတို့တန်ဖိုးထားကြသည်ကို


အင်္ဂလိပ်ခေတ် ပထမကျော်မှာ (၁၂၅၉)ခုနှစ်တွင်ပထမကျော်တန်း၌ (၁၂)ပါးဖြေဆိုကြရာ တစ်ပါးတည်းသာ အောင်မြင်၍ ပထမကျော် ရရှိသွားသည်။ထိုပုဂ္ဂိုလ်မှာ ရန်ကုန်မြို့၊ သရက်တောကျောင်းတိုက်မှ ဥုးကေတုပင်ဖြစ်သည်။ ထိုအရှင်သည်အင်္ဂလိပ်ခေတ်၌ ပထမဦးဆုံး ပထမကျော်ဖြစ်၍ နောင်တွင်မော်လမြိုင်မြို့သို့ပြောင်းရွှေ့ သီတင်းသုံးကာ “ဘုံပျံ ဆရာတော်”ဟုထင်ရှားသည်။


(၁၂၆၀) ပြည့်နှစ်မှ စ၍သီးခြား ပထမကျော်တန်းကိုရပ်ဆိုင်းပြီး ပထမကြီးတန်းမှအမှတ်အများဆုံးရသူအား“ပထမကျော်”ဘွဲ့ သတ်မှတ်ကြလေသည်။ [ယခု တင်ပြမှုသည်မှတ်တမ်းများအရဖော်ပြခြင်း ဖြစ်သည်။ မစိုးရိမ်တိုက်တည် ဆရာတော် ဥုးသူရိယာဝံသ၊တိပိဋကဆရတော် ဥုးဝိစိတ္တသာရာဘဝံသ တို့မှာ အဆိုပါ ၁၂၆၀-ပြည့်လွန်နှစ်များဆီက ရရှိခဲ့ကြသော“သီးခြား ပထမကျော်”များပင် ဖြစ်ကြသည်။ တိပိဋကဆရာတော်သည်၁၂၉၅-ခုနှစ်က သီးခြားပထမကျော်ပင်


သီလရှင်များ ဖြေဆိုခွင့်ပြု ကျောက်စာဝန် မစ္စတာ တော်စိန်ခို၏အကြံပြုချက်အရ သက္ကရာဇ်၁၂၆၃(1901)ခုနှစ်မှစ၍ သီလရှင်များ ပထမပြန် စာမေးပွဲ ဖြေဆိုခွင့်ရရှိခဲ့ကြသည်။


ဘာသာပြန်ပြဋ္ဌာန်းခြင်း သက္ကရာဇ်၁၂၆၆ (1905)ခုနှစ်မှစ၍ ပထမငယ်တန်း၌ ဇနကဇာတ်အဋ္ဌကထာ၊ ပထမလတ်တန်း၌ဓမ္မပဒ အဋ္ဌကထာ၊ ပထမကြီးတန်း၌မိလိန္ဒာပါဠိတော်တို့ကိုဘာသာပြန် ကျမ်းစာများအဖြစ်ဖြင့်ပြဋ္ဌာန်းခဲ့ပါသည်။


ပါဠိဘာသာကိုစတင်ဖြေဆိုခွင့်ပြုခြင်း သက္ကရာဇ်၁၂၇၁ (1909)ခုနှစ် ပထမပြန်စာမေးပွဲ၌စတင် ဖြေဆိုခဲ့ကြသော်လည်း၁၂၉၅-ခုနှစ်မှ အောင်လက်မှတ်၌ထည့်သွင်း ရေးသားပေးသည်။


ဓမ္မစရိယ(စာချ)တန်း ပေါ်လာခြင်း ဓမ္မာစရိယတန်း (စာချတန်း)ကိုတော့၁၃၀၂-ခုနှစ်က စတင် ပြဋ္ဌာန်းကာ ဖြေဆိုခဲ့ကြသည်။ထိုနှစ်ကမဟာစည်ဆရာတော်၊ တိပိဋက ဆရာတော်တို့ အောင်မြင်တော်မူခဲ့ကြသည်။


တိုင်းနှင့် ပြည်နယ်ခွဲကျင်းပခြင်း ၁၃၆၀-ပြည့်နှစ်(1999)မှ စတင်ကာ တိုင်းနှင့်ပြည်နယ်ခွဲ၍ ကျင်းပလာသည်မှာ ယခု ၁၃၇၂-ခုနှစ်ဆိုလျှင် (၁၂)နှစ်ပင်ရှိပြီးဖြစ်၍ ပထမကျော်ရသူ (၁၂)ပါးမျှသာ ရှိသည်။ တိုင်းနှင့်ပြည်နယ်အသွယ်သွယ်မှငယ်၊ လတ်၊ ကြီး၊ ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသော သံဃာတော်တို့အားရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေသို့ပင့်ဆောင်ကာ အထူးအောင်စာမေးပွဲအဖြစ် သီးသန့်ဖြေဆိုစေခဲ့သည်။အောင်မြင်သူများထဲမှာ ပထမကြီးတန်း၌ အမှတ်အများဆုံးရသူဖြစ်မှ ‘ပထမကျော်’ဘွဲ့ကိုရရှိမည်ဖြစ်သည်။ အဆိုပါ (၁၂)နှစ်၌မည်မျှပင်တော်သူတွေပေါများပါစေ ပထမကျော်ကတော့ တစ်နှစ်လျှင် တစ်ပါးတည်းသာ ရွေးချယ်ခဲ့ရာ (၁၂)ပါးသာ ဖြစ်သည်။ ထို (၁၂)နှစ်တို့တွင်ရန်ကုန်တိုင်းက(၄)ပါး၊ မန္တလေးတိုင်းက (၄)ပါး၊ စစ်ကိုင်းတိုင်းက (၄)ပါးစီ ရရှိခဲ့ကြသည်။ဖော်ပြပါ ပထမကျော် (၁၂)ပါးတို့တွင်သာမဏေကျော်မဟုတ်သူများက (၃)ပါးသာရှိသည်။ ကျန်(၉ )ပါးတို့သည်ကား“သာမဏေကျော်၊ ပထမကျော်”များသာ ဖြစ်ကြသည်။ကျန်ဒုတိယ၊ တတိယ ပုဂ္ဂိုလ် အများစုသည်လည်းသာမဏေကျော်များသာ ဖြစ်ကြသည်။


တော်မှကျော်သော ခေတ် ပထမကြီးတန်းကိုမအောင်သေးသူသာမဏေကျော်တို့သည် ပထမကြီးတန်းကို ပြန်လည်ဝင်ရောက် ဖြေဆိုသောအခါ ပထမကျော်ဘွဲ့ကို ရရှိလိုကြသည်။ ထို့ကြောင့်ပင် သူနိုင်ကိုယ်နိုင် အပြိုင်ဆင်နွဲကြသည့် အချိန်၌ စစ်မှန်သော ရတနာကိုတန်းဝင်-ရတနာ ဖြစ်အောင်အကွက်ဖော်အရောင်တင်ပေးရသကဲ့သို့ စာသင်သားဘက်ကလည်းအခြေခံစာပေပြည့်စုံ၊ ကံ, ဉာဏ်, ဝီရိယ-သုံးပါးလုံးနှင့်ပြည့်စုံပြီးကျောင်းတိုက်ဘက်ကလည်း စာသင်နည်းစနစ်ကောင်း၊ စည်းကမ်းပိုင်း ပံ့ပိုးမှုအပိုင်းကလည်းကောင်းပါမှပထမကျော်ကိုရရှိနိုင်သည်။ ကံကောင်းရုံဉာဏ်ကောင်းရုံမျှဖြင့် မရနိုင်ပါ။ ထို့ကြောင့် ဘက်စုံတော်မှသာ ကျော်သော ခေတ် ဖြစ်ပေသည်။


အထက်၌ဖော်ပြခဲ့သလိုလွန်စွာမှပင်ရရှိခဲလှသော ပထမကျော်ဘွဲ့ရ အရှင်မြတ်များကို သာသနာတော်အား အမြတ်တနိုးတန်ဖိုးထားကြသူရှေးခေတ်ဦး တိုင်းပြည် အုပ်ချူပ်သူတို့ကအစ လူတန်းစား အသီးသီးတို့ကပူဇော်ခဲ့ကြသလို ယခုခေတ် ဒကာ၊ဒကာမအပေါင်းတို့ကလည်းအမြတ်တနိုး တန်ဖိုးထားကာ ပူဇော်သင့်လှပါကြောင်းတင်ပြအပ်ပါသည်။


အရှင်တေဇနိယ (ပဋ္ဌာန်းအလင်းရောင်)၊ ညောင်တုန်းပါဠိတက္ကသိုလ်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။


“ခပ်သိမ်းသော ရဟန်း၊ ရှင်, လူ,နတ်, ဗြဟ္မာ သတ္တဝါအားလုံး ဘေးရန် ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ


No comments:

Post a Comment