Monday, May 20, 2013

“အနိရုဒ္ဓ၏ပုဂံ''

“အနိရုဒ္ဓ၏ပုဂံ”


အနိရုဒ္ဓ ၊ဒေ၀တမန် ငါနန်းစံသည် ပုဂံမည်သော နေပြည်တော် ။


ကြေးနီအဆင်း၊ မြေတလင်း၌ မင်းမင်းစံတည် ၊ပုဂံပြည်ကား စေတီမြင့်မြင့် ၊ကြာဖူးပွင့်သို့ အတင့်အတယ် ၊ အဖွယ်အရာ နန်းတော်သာနှင့် ဧရာဝတီ ၊သာမောစည်စိမ့်။


ငါ့ပြည်ရပ်ဌာန်၊ ငါ့နိုင်ငံဟု ပုဂံပြည်သူ ၊ ခွန်အားယူ၍ စိုက်ထူခဲ့ချေ ၊ ပုဂံမြေကား ဧရာဝတီ ၊အဓွန့်ရှည်သို့ ဤပြည်ဤမြေ၊ အသရေဖြင့် ရှည်စေသတည်း၊ တည်စေသတည်း။


ပြည်သူတို့လက် ၊ ငါ၏လက်ဖြင့် မြေမျက်နှာပြင် ၊မြကောက်ပင်တို့ ပြုံးရွှင်ကြစေ ၊ ရယ်ကြစေလော့။


ယာမြေခရောင်း ၊ဆည်တူးမြောင်းဖြင့် မြစ်ချောင်းစီးရေ၊ ငါခိုင်းစေအံ့။


ရွှေပင်ဝါ၀င်း၊ ပြည်လုံးလင်းအောင် နတ်မြင်းခွာသံ ၊ပြည်လုံးလျှံအောင် လှံပျံကိုင်စွဲ ၊ ပြည်လုံးရဲအောင် ကောက်ပဲသီးနှံ ၊ နတ်ရေကန်ဖြင့် သန်သန်စွမ်းစွမ်း၊ အံ့မခန်းဖွယ် ပြည့်ဝမ်းမောက်လျှံစေသတည်း။


ငါတို့အားမာန် ၊ ငါ့တို့ဥာဏ်ဖြင့် ဖန်တီးခဲ့သည် ၊ပုဂံပြည်တည့်။


ပုဂံပြည်အား၊ ပုဂံသားတို့ လှံဓားကိုင်၍ စောင့်ကုန်လော့။ တရားလည်းဖြောင့် ၊ မြားလည်းဖြောင့်၍ စောင့်ရှောက်မြဲကြစေသတည်း။


တင်မိုး ရှုမ၀ (၃၀-၈-၇၅ မှာရေး၁၇-၁၂-၇၆ပြီး) ပန်းချီ u saw hlaing —


No comments:

Post a Comment