Saturday, May 18, 2013

"မြတ်ဗုဒ္ဓနဲ့ မိဘကျေးဇူး ''

"မြတ်ဗုဒ္ဓနဲ့ မိဘကျေးဇူး …" ••••••••••••••••••••••••

မြန်မာ ဗုဒ္ဓဘာသာအများအကြား နားလည်လက်ခံထားတ ရှေးရိုးစွဲ ဘာသာရေး အမှားများအမြောက်အများ ရှိနေပါတယ်။ မှန်သလိုလိုနဲ့နဲနဲလေးလွဲနေတာလေးတွေပါ။ ဘုရားဟောသလိုလို ကျမ်းဂန်မှာ ပါသလိုလိုနဲ့ လူ့လောကမှာ အသုံးပြုနေတဲ့ စကားလုံးများ၊ ဟောပြောဆုံးမချက်များကို ပြောတာပါ။ဒီအလွဲတွေထဲက မိဘကျေးဇူးကို ဖော်ထုတ်ပြောဆို ရာမှာ အသုံးပြုကြတဲ့ အသုံးလေးကတော့ မဖြစ်သင့်တဲ့ အလွဲအသုံးလေး ဖြစ်ပါတယ်။ဘယ်သူကဘယ်လိုစလိုက်တယ် မသိတဲ့ အဲဒီအသုံးက “ဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ်” ဆိုတဲ့ အပြောအဆို အသုံးအနှုန်းလေးပါ။


မိဘကျေးဇူးအကြောင်း ခိုင်းနှိုင်းပြောဆိုကြတာ ကောင်းပါတယ်။ မိဘကျေးဇူးဟာ မြင့်မိုရ် တောင်မက ကြီးမားတယ်၊ မိဘများဟာ အလွန်ကျေးဇူးများတဲ့အတွက် အဆုံးမရှိတဲ့ ကျေးဇူးရှင် အနန္တဂိုဏ်းဝင်များဖြစ်တယ် စသဖြင့်ပေါ့။ဒီလောက်ဆို လုံလောက်ပါတယ်။


♦ ခုဟာက ဘာမှရေရေရာရာ မသိကြဘဲ မိဘကျေးဇူးကို ဖော်ကျူးတာ ဘုရားရှင်အပေါ်မှာတောင် စော်ကားသလို ဖြစ်နေပါတယ်။ မိဘကျေးဇူးကြီးမားတဲ့အတွက် အနန္တ အနှိုင်းမဲ့အရှင်ဘုရားရှင်တောင် ကျေအောင်မဆပ်နို င်ခဲ့ဘဲ အမေ့ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေခဲ့တယ်လို့ ခိုင်းနှိုင်းပြောဆို ဆုံးမတာကတော့ တော်တော်လေးကို လွဲနေပါတယ်။


တကယ်တော့ ဘုရားရှင်ဟာ မိဘကျေးဇူးကို အထူးကျေအောင် ဆပ်သွားနိုင်တဲ့ အနှိုင်းမဲ့ အရှင်ပဲဖြစ်ပါတယ်။


♦ဖခင်ကျေးဇူး၊ မိခင်ကျေးဇူးတွေတင် မဟုတ်ပါဘူး။ ♦မိခင်အရင်းမဟုတ်တဲ့ မိထွေးအမေကိုတောင် ကျေးဇူးတရားတွေ အကျေဆပ်သွားခဲ့ပါတယ်။ဒီနေရာမှာ လောကသားတို့ရဲ့ ကျေးဇူးဆပ်နည်းနဲ့ ဘုရားရှင်ရဲ့ ကျေးဇူးဆပ်နည်းကတော့ မတူဘူးပေါ့။ဘုရားရှင်ကတော့ ပစ္စည်းဥစ္စာတွေနဲ့တစ်ဘ၀အတွက် ကျေးဇူးဆပ်တာ မဟုတ်ဘဲ ဓမ္မနဲ့ပဲ ဘ၀သံသရာမှ နိဗ္ဗာန်အထိရောက်အောင် ထာဝရအကျေဆပ် သွားခဲ့ပါတယ်။ဒုက္ခအားလုံး ငြိမ်းအောင်လုပ်ပြီး ကျေးဇူးဆပ်သွားတာ ဖြစ်တဲ့အတွက် ဒီထက်ကောင်းတဲ့ ကျေးဇူးဆပ်နည်းကတော့ မရှိတော့ပါဘူး။ ♦ဘုရားရှင်ဟာ ခမည်းတော်၊မယ်တော်တို့ကို အရိယာအဖြစ်ရောက်အောင် ဓမ္မနဲ့ ကျေးဇူးဆပ်သွားရုတင်မကဘဲ အမျိုးကိုစောင့်ရှောက်တဲ့ ဉာတတ္ထစရိယ အနေနဲ့လည်း အဒေါ်ဖြစ်တဲ့ မိထွေးတော်၊ ဦးကြီးဦးလေး၊ ညီတော်ညီမတော် စတဲ့ ဆွေတော်မျိုးတော်များအထိ အရိယာများဖြစ်အောင် ကျေးဇူးဆပ် စောင့်ရှောက်သွားခဲ့ပါတယ်။


♦ဘုရားရှင်ဟာ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကို အနာဂါမ် အဖြစ်ရောက်အောင် ကျေးဇူးဆပ်ခဲ့တဲ့အပြင် မယ်တော်ကိုလည်း သောတာပန်အရိယာအဖြစ် နိဗ္ဗာန်လမ်းကို ပို့ဆောင်ခဲ့ပါတယ်။


♦မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားရှင်ကိုမွေးပြီးခုနှစ်ရက်မြောက်မှာပဲ ကွယ်လွန်သွားပြီး တာဝတိံသာနတ်ပြည်မှာ "သန္တုသိတနတ်သား"အဖြစ် ပြန်လည်မွေးဖွားပါတယ်။(ဒီနေရာမှာ ကြုံလို့ပြောရဦးမယ် မယ်တော်မာယာဟာ ဘုရားအလောင်းကိုမွေးပြီး (၇)ရက်မြောက်မှာ ကွယ်လွန်ခဲ့တာဟာ"ဘုရားလောင်းကို မွေးခဲ့ခြင်းကြောင့်" မဟုတ်ပါဘူး။ဘုရားလောင်း ပဋိသန္ဓေမယူခင်ကတည်းကမယ်တော်ရဲ့သက်တမ်းကိုကြည့် ပြီး မယ်တော်သက်တမ်း ၁၀လနဲ့ ၇ရက်ပဲ ကျန်တဲ့အချိန်မှာ နတ်ပြည်ကဆင်းသက်လို့ လူ့ပြည်ရှိ မယ်တော်ရဲ့ဝမ်းတိုက်မှာ ပဋိသန္ဓေယူတာ ဖြစ်ပါတယ်။) ဘုရားရှင်ဘုရားဖြစ်တော်မူပြီး ခုနှစ်ဝါမြောက်မှာပဲ မယ်တော်ထံကြွရောက်ကာ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာ ဒေသနာတော်ကိုဟောပြီး မိဘကျေးဇူးကို ဆပ်တော်မူပါတယ်။


♦ အဲဒီမှာ မယ်တော်မာယာဟာ" သောတာပန်" တည်သွားပါတယ်။ သောတာပန် ဖြစ်ပြီးရင် ကောင်းတဲ့သုဂတိဘ၀တွေမှာ အများဆုံး"ခုနှစ်ဘ၀"ပဲ ကျင်လည်ရပြီးနိဗ္ဗာန်ကို မျက်မှောက်ပြုပါတယ်။ ဘုရားရှင်ဟာ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာကိုလည်း နိဗ္ဗာန်ရောက်တဲ့အထိ နို့ဖိုးကို ကျေအောင်ဆပ်သွားပါတယ်။


♦ပြီးတော့ မိထွေးတော် ဂေါတမီကိုလည်း ဘိက္ခုနီမအဖြစ်ခွ င့်ပြုပြီး ဒီဘ၀မှာပဲ ရဟန္တာဖြစ်တဲ့အထိ ကျေဇူးတရားတွေကိုကျေပွန်အောင်ဆပ် သွားပါတယ်။ ဒုက္ခပင်လယ် အပေါင်းမှ ကယ်တင်ပြီး"နိဗ္ဗာန်" ရောက်သည်အထိ ပို့ဆောင်တော်မူသွားပါတယ်။ ဒီထက်ပိုပြီး မိဘကျေးဇူးကို ကျေအောင်ဆပ်တဲ့ နည်းကတော့ မရှိတော့ပါဘူး။


ဒါကြောင့် “ဘုရားရှင်တောင်မှ မိခင်ကျေးဇူးကိုနို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ပါတယ်” ဆိုတဲ့ တစ်လွဲနားလည် အမှတ်မှားနေတာတွေ၊ပြောဆိုခိုင်းနှိုင်းနေတာတွေကို မပြောမိအောင် သတိဆောင်ပြီးဘုရားရှင်ဟာ မိခင်ကျေးဇူးကိုနို့နှစ်လုံးဖိုးမက ကျေအောင်ဆပ်သွား နိုင်သူအဖြစ် ဥပမာယူကာ မိမိတို့လည်းမိဘကျေးဇူးကို တကယ်ကျေချင်ရင် "ဓမ္မ"နဲ့ ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြပါစို့လို့ပဲ တိုက်တွန်းလိုက်ပါတယ်။


[စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)] ----------------------*----------------------_/|\_ခပ်သိမ်းသော ရဟန်း၊ရှင်၊လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်, စိတ်နှစ်ဖြာကျန်းမာ,ချမ်းသာကြပါစေ ။ လူအချင်းချင်းလှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_ —


No comments:

Post a Comment