Wednesday, May 22, 2013

"ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုဘာသာမျိုးလဲ" ****************************

"ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုဘာသာမျိုးလဲ" ******************************** “ဗုဒ္ဓဘာသာဆိုသည်မှာ မည်ကဲ့သို့သော ဘာသာမျိုးဖြစ်သည် ” ဟူသော အချက်များကို ဗုဒ္ဓဘာသာဝင်တိုင်းသိထားရန်လို၏။ ဗုဒ္ဓဘာသာတွင် အခြားသောဘာသာတို့နှင့်မတူ ကွဲပြားထူးခြားေ သာ ဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး (၄)ရပ်ရှိ၏။ထိုဗုဒ္ဓဘာသာ၏ဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး (၄)ရပ်ကို သိမြင်နားလည်ထားလျှင် ဗုဒ္ဓဘာသာသည် မည်ကဲ့သို့သော ဘာသာမျိုးဖြစ်သည်ဟု ကိုယ်တိုင်သိရှိမည့်အပြင် အခြားသူများအားလည်းနားလည်အောင် ရှင်းပြနိုင်မည် ဖြစ်ပါသည်။ထိုဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး(၄)ရပ်ကို မဖော်ပြမီ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓသာသနာကိုဦးစွာသိထားရန်လို၏။


ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓသာသနာ ရှေးအခါက ဗုဒ္ဓဘာသာကို “သမ္မာဒိဋ္ဌိ” (မှန်ကန်သော အယူအမြင်)၊ ဗုဒ္ဓဘာသာဝင်ကို “သမ္မဒိဋ္ဌိက” (မှန်ကန်သော အယူအမြင်ရှိသူ) ဟု သုံးစွဲခဲ့ကြသည်ကို ပါဠိ အဋ္ဌကထာစသော ကျမ်းဂန်များ၌ တွေ့ရ၏။ ယခုအခါ ကျမ်းဂန်များ၌သုံးစွဲခဲ့သော သမ္မာဒိဋ္ဌိကို ဗုဒ္ဓဘာသာဟူ၍လည်း ကောင်း၊သမ္မာဒိဋ္ဌိကကို ဗုဒ္ဓဘာသာဝင်ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲလျက် ရှိကြသည်။ ဤဗုဒ္ဓဘာသာဟူသော ဝေါဟာရကိုအင်္ဂလိပ်-မြန်မာ အဘိဓာန်ကျမ်းပြု ဆရာကြီး ယုဒဿန်(ဂျပ်ဆင်)ကပထမဆုံးတီထွင်ခဲ့သည်ဟု အချို့ကဆိုကြ၏။ ထို့ပြင် အချို့ပညာရှင်များကမူ သာလွန်မင်းတရားကြီး အမိန့်တော်ဖြင့် တောင်ဖီလာပုဂ္ဂို လ်ကျော် ဆရာတော်နှင့် ကိုင်းရွာစားအမတ်ကြီးမနုရာဇာတို မြန်မာသက္ကရာဇ် (၉၉၁)ခု (၁၆၂၉ အေဒီ)တွင် စီရင်ပြုစုခဲ့ကြ သည့် မနုသာရရွှေမျဉ်း ဓမ္မသတ်ခေါ်မဟာရာဇာသတ်ကြီး စာမျက်နှာ ၁၇၅ ၌ “အရှင်ဂေါတမ သာသနာဝင်ဗုဒ္ဓဘာသာ ရဟန်းတော်တို့” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် လူရှင်အပေါင်းတို့”ဟူ၍လည်းကောင်း ခေါ်ဝေါ်သုံးစွဲခဲ့သည်ကိုတွေ့ရ၍သာလွန်မင်းကြီးလ က်ထက်ကပင် “ဗုဒ္ဓဘာသာ”ဟူသော အသုံးအနှုန်းရှိခဲ့ကြောင်း ဆိုကြ၏။


ထိုသို့ ယူဆပြောဆိုကြသော်လည်းမျက်မှောက်ခေတ်တွင် ထိုဝေါဟာရမှာ မြန်မာစာပေလောကတွင် အလွန်တွင်ကျယ်နေ ပြီဖြစ်၍စတင်သုံးစွဲသူနှင့်ပတ်သတ်၍ပြဿနာမရှိပါ။ ပြဿနာရှိသည်မှာ ထိုဝေါဟာရ သည် ဆိုလိုသည့်အဓိပ္ပာယ်ကို အံဝင်ခွင်ကျအပြည့်အစုံဖော်ဆောင်နိုင်၊မဆောင်နိုင်၊ ကျမ်းဂန်သုံး“သမ္မာဒိဋ္ဌိ” ဝေါဟာရနှင့်လိုက်လျောညီထွေ (ရှိ -မရှိ)ပင်ဖြစ်၏။အချို့ပညာရှင်များက ပါဠိစာပေကျမ်းဂန်များ၌ “ဗုဒ္ဓဘာသာ”ဟူသော ဝေါဟာရမရှိ၊“ဗုဒ္ဓသာသနာ” ဟူသော ဝေါဟာရသာရှိ၍ ဗုဒ္ဓဘာသာအစား“ဗုဒ္ဓသာသနာ” ကိုသုံးစွဲသင့်သည်ဟု ဆိုကြ၏။အသုံးအလွန်တွင်ကျယ်နေပြီဖြစ်၍ပြောင်းလဲသုံးစွဲရာ၌ မလွယ်ကူလှပေ။ ပြောင်းလဲသုံးစွဲပါက ဗုဒ္ဓဘာသာဝင်ကို ဗုဒ္ဓသာသနာဝင်ဟုပင် ပြောင်းလဲသုံးစွဲရမည်ဖြစ်ရာ ဗုဒ္ဓဘာသာဝင် လူသူတော်စင်တို့ မှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် ရောနှောသွားဖွယ် ရာရှိ၏။ ထို့ကြောင့် အသုံးတွင်ကျယ်နေပြီဖြစ်သော ဗုဒ္ဓဘာသာ ဝေါဟာရသည်လည်းကျမ်းဂန်လာ မဟုတ်စေကာမူ ဆိုလိုသည့် အဓိပ္ပာယ်ကို အံဝင်ခွင်ကျ ဖော်ဆောင်နိုင်သ ည့်အပြင် ရှေးကကျမ်းဂန်သုံးသမ္မာဒိဋ္ဌိပုဒ်နှင့်လည်း အဓိပ္ပာယ်ချင်း လိုက်လျောညီထွေရှိရကား ထိုဗုဒ္ဓဘာသာဟူသော ဝေါဟာရကိုပင် ဆက်လက်သုံးစွဲသင်သည်ဟု ယူဆမိပါသည်။


ရှင်းပြပါဦးမည်။ဗုဒ္ဓဘာသာဟူသော ပါဠိဝေါဟာရသည် ဗုဒ္ဓနှင့် ဘာသာနှစ်ခုကို “ဗုဒ္ဓါနံဘာသာ ဗုဒ္ဓဘာသာ”ဟု ပုဒ်တွဲစပ်ထားသော ဝေါဟာရဖြစ်၏။ သဗ္ဗညုဘုရားရှင်တို့၏ စကားတော်ဟု အဓိပ္ပာယ်ရ၏။( ဗုဒ္ဓ= သဗ္ဗညု၊ ဘုရားရှင်တို့၏+ ဘာသာ= စကားတော်)၊စကားတော်ဆိုသည်မှာ တရားတော်(ဓမ္မ)၊အဆုံးအမတော် (သာသန) တို့နှင့် အဓိပ္ပာယ်အတူတူပင်ဖြစ်၏။ထို့ကြောင့် ဗုဒ္ဓဘာသာဟူသော ဝေါဟာရသည် ဗုဒ္ဓဓမ္မ၊ ဗုဒ္ဓသာသန ဟူသော ဝေါဟာရတို့နှင့် ပုဒ်ကွဲပြားခြားနားသော်လည်း အဓိပ္ပာယ်အတူတူပင်ဖြစ်ပါသည်။


ထို့ပြင် မြတ်ဗုဒ္ဓ၏ စကားတော်၊အဆုံးအမတော်တို့သည် မှန်ကန်သော အယူအမြင်(သမ္မာဒိဋ္ဌိ)များပင် ဖြစ်ကြ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ စကားတော် တရားတော် အဆုံးအမတော်ဟု အဓိပ္ပာယ်ရှိသော ဗုဒ္ဓဘာသာဟူသော ပုဒ်သည် မှန်ကန်သော အယူအမြင်ဟု အဓိပ္ပာယ်ရသော ကျမ်းဂန်သုံးသမ္မာဒိဋ္ဌိပုဒ်နှင့်လည်းအဓိပ္ပာယ်ချင်း လိုက်လျောညီထွေ ရှိပါပေသည်။


ထို့ကြောင့် ဗုဒ္ဓဘာသာဆိုသည်မှာ “သဗ္ဗညုဘုရားရှင်တို့၏ စကားတော်တရားတော် အဆုံးအမတော်များ”ဖြစ်၍ ထိုသဗ္ဗညုဘုရားရှင်တို့၏စကားတော် တရားတော် အဆုံးအမတော်များကို လေးစားစွာလိုက်နာကျင့်သုံးသူများကို “ဗုဒ္ဓဘာသာဝင်” ဟုခေါ်ဆိုပါသည်။ဤသည်မှာ “ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်” တို့၏အဓိပ္ပာယ်အကျဉ်းချုပ်ဖြစ်ပါသည်။


ဆက်လက်ပြီးအပေါ်မှာဖော်ပြထားခဲ့သည့် ဗုဒ္ဓဘာသာရဲ့ ဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး (၄)ရပ်ကို ဆက်လက်ပြီး ဖော်ပြပါ့မယ်။ထိုဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီး(၄)ရပ်မှာ


(၁)။ဗုဒ္ဓဘာသာသည် သတ္တဝါတို့၌ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်တန်သော ကံရှိ၏။ ထိုကံများ၏အကျိုးများလည်း ရှိ၏ဟု ကံကို အခြေခံထားသည့် ကမ္မဝါဒီဘာသာဖြစ်ခြင်း။


(၂)။ကံကို အခြေခံထားသော ဘာသာဖြစ်သော်လည်း အခြားကမ္မဝါဒီများကဲ့သို့ အတ္တဝါဒကိုလက်မခံ၊ အနတ္တဝါဒကိုသာ အထွတ်အထိပ်ထားသော ဘာသာဖြစ်ခြင်း။


(၃)။ကံကို အခြေခံ၍ အနတ္တဝါဒကို အထွက်အထိပ်ထားသော ဘာသာဖြစ်၍ထိုဝါဒများနှင့် လိုက်လျောညီထွေ ဖြစ်သည့် “ဒါန၊ သီလ၊သမာဓိ၊ပညာ” ဟူသော ကျင့်စဉ်ကြီးလေး ဖြာ ရှိသော ဘာသာဖြစ်ခြင်း။


(၄)။ဘဝသံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို နောက်ဆုံးပန်းတိုင်ထားသည့် ဘာသာဖြစ်၍ထိုကျင့်စဉ်ကြီး လေးရပ်တို့ကို ကျင့်ခြင်းဖြင့် နောက်ဆုံးပန်းတိုင်သို့ရောက်ရမည်ဟု ယုံကြည်သော ဘာသာဖြစ်ခြင်းတို့ဖြစ်ပါသည်။ ဤအချက်တို့သည် ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုဘာသာမျိုး ဖြစ်ကြောင်း ပြဆိုသည့် ဝိသေသလက္ခဏာ ဂုဏ်အင်္ဂါကြီးငယ်တို့ဖြစ်၏။ထိုလေးချက်သည် အကျဉ်းမျှသာဖြစ်၏။


စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


No comments:

Post a Comment