Monday, December 16, 2013

"အကြီးအကျယ် မြေငလျင်လှုပ်ခြင်းများ"

"အကြီးအကျယ် မြေငလျင်လှုပ်ခြင်းများ" •••••••••••••••••••••••••••••••••• မြတ်စွာဘုရားသည်စာပါလစေတီ၌ (နေစဉ်) သတိရှိလျက်, ဆင်ခြင်လျက်, အသက်ရှည်ရန်ပြုပြင်မှု "အာယုသင်္ခါရ" ကို စွန့်လွှတ်တော်မူလိုက်သောအခါ ကြက်သီးမွေးညှင်းထလျက် ကြောက်မက်ဖွယ်ရာ အကြီးအကျယ် မြေ (ငလျှင်) လှုပ်ခြင်းသည် ဖြစ်လေ၏။ တော်လည်းသံ (နတ်စည်) တို့သည်လည်း တခြိမ့်ခြိမ့် မည်ဟည်းကုန်၏။


ထိုအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ "အံ့ဖွယ်ရှိပေစွ အရှင်ဘုရား။ မဖြစ်ဘူးမြဲ ဖြစ်ပေစွ အရှင်ဘုရား။ ကြက်သီးမွှေးညှင်းထစေလျက် ကြောက်မက်ဖွယ်ကောင်းသော ဤမြေငလျင်လှုပ်ခြင်းသည် ကြီးကျယ်ပါပေစွ။ အလွန်ကြီးကျယ်ပါပေစွ။ တော်လည်းသံ (နတ်စည်) တို့သည်လည်း တစ်ခြိမ့်ခြိမ့် မည်ဟည်းသွားကုန်၏။ အရှင်ဘုရား - အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်း"ဟု လျှောက်၏။


အာနန္ဒာ - အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ အကြောင်းအထောက်အပံ့ တို့ကား ဤရှစ်မျိုးတို့တည်း။ အဘယ်ရှစ်မျိုးတိ့ နည်း ဟူမူ -


(၁) အာနန္ဒာ - ဤမဟာပထ၀ီမြေကြီးသည် ရေ၌တည်၏။ ရေသည် လေ၌တည်၏။ လေသည် ကောင်းကင်၌တည်၏။ အာနန္ဒာ - ပြင်းထန်စွာလေတိုက်သောအခါ ရေကိုလှုပ်စေ၏။ ရေလှုပ်သော် မြေကိုလှုပ်စေ၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ ပထမ အကြောင်း အထောက်အပံ့တည်း။


•••


(၂) အာနန္ဒာ - နောက်တစ်မျိုးကား တန်ခိုးနှင့်ပြည့်စုံသော (အဘိညာဉ်) စိတ်၌ လေ့လာပြီးသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော နတ်သည်လည်းကောင်း၊ အားနည်းသော မြေ (ကသိုဏ်းဈာန်) သညာနှင့် အားကြီးသော ရေ (ကသိုင်းဈာန်) သညာတို့ကို ပွားများပြီးလျှင် ဤမြေကြီးကို လှုပ်စေ၏။ တုန်လှုပ်စေ၏။ ပြင်းစွာ တုန်လှုပ်စေ၏။ သွက်သွက်ခါ တုန်လှုပ်စေ၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ ဒုတိယ အကြောင်း အထောက်အပံ့ပေတည်း။


•••


(၃) အာနန္ဒာ - နောက်တစ်မျိုးကား ဘုရားအလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ၌ ဤမြေကြီးသည် လှုပ်၏။ တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ သွက်သွက်ခါ တုန်လှုပ်၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ တတိယ အကြောင်း အထောက်အပံ့ပေတည်း။


•••


(၄) အာနန္ဒာ - နောက်တစ်မျိုးကား ဘုရားအလောင်းသည် သတိရှိလျက်, ဆင်ခြင်လျက်, အမိဝမ်းတိုက်မှ ဖွားမြင်သောအခါ ဤမြေကြီးသည် လှုပ်၏။ တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ သွက်သွက်ခါ တုန်လှုပ်၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ စတုတ္ထ အကြောင်း အထောက်အပံ့ပေတည်း။


•••


(၅) အာနန္ဒာ - နောက်တစ်မျိုးကား မြတ်စွာဘုရားသည်အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏။ တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ သွက်သွက်ခါ တုန်လှုပ်၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ ပဉ္စမ အကြောင်း အထောက်အပံ့ပေတည်း။


•••


(၆) အာနန္ဒာ - နောက်တစ်မျိုးကား မြတ်စွာဘုရားသည်အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားဦးကို ဟောတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏။ တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ သွက်သွက်ခါ တုန်လှုပ်၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ ဆဋ္ဌမ အကြောင်း အထောက်အပံ့ပေတည်း။


•••


(၇) အာနန္ဒာ - နောက်တစ်မျိုးကား မြတ်စွာဘုရားသည်သတိရှိလျက်, ဆင်ခြင်လျက်, အသက်ရှည်ရန်ပြုပြင်မှု "အာယုသင်္ခါရ" ကို စွန့်လွှတ်တော်မူသောအခါ ဤမြေကြီးသည် လှုပ်၏။ တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ သွက်သွက်ခါ တုန်လှုပ်၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ သတ္တမ အကြောင်း အထောက်အပံ့ပေတည်း။


•••


(၈) အာနန္ဒာ - နောက်တစ်မျိုးကား မြတ်စွာဘုရားသည်ခန္ဓာနာမ်ရုပ် အကြွင်းမရှိသော ငြိမ်းခြင်းသဘော "အနုပါဒိသေသနိဗ္ဗာနဓာတ်" ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါ ဤမြေကြီးသည် လှုပ်၏။ တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ သွက်သွက်ခါ တုန်လှုပ်၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ အဋ္ဌမ အကြောင်း အထောက်အပံ့ပေတည်း။


အာနန္ဒာ - အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ အကြောင်းအထောက်အပံ့ တို့ကား ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။


( ဘူမိစာလသုတ် )


No comments:

Post a Comment