Thursday, November 21, 2013

"... ဓမ္မပဒဂုဏ်ရည် ..."

"... ဓမ္မပဒဂုဏ်ရည် ..." -.-.-.-.-.-.-.-.-.-.-.-.-.-.-.- ဓမ္မပဒပါဠိတော်သည် ပိဋကသုံးပုံ နိကယ်ငါးရပ်တွင် ခုဒ္ဒကနိကယ်၌ ပါဝင်သော ကျမ်းစာဖြစ်ပါသည်။ ဓမ္မပဒဟူသည်- (ဓမ္မ=တရားတော်တို့ ၏ + ပဒ=အပေါင်းအစု၊ တရားတော်အပေါင်းအစု) ဟုအဓိပ္ပါယ်ရပါသည်။ တရားပဒေသာ တရားညွန့် ပေါင်းကျမ်းကြီးဟုလည်း ခေါ်ဆိုသင့်ပါသည်။ ဤဓမ္မပဒကျမ်းကြီး၌ လောကုတ္တရာ မဂ် ဖိုလ် နိဗ္ဗာန် တရားများဆိုင်ရာ ပါဝင်ဟောကြားထားပါသည်။ ယင်းတရားတော်ကို ဦးတည်၍ လူမှုရေး၊ ကြီးပွားရေး၊ စီးပွားရေး၊ ပညာရေး စသည့်လောကီရေးရာ အကျိုးကျေးဇူးများစွာ ဖြစ်စေနိုင်သည့် တရားတော်များကိုလည်း ထည့်သွင်းဟောကြား ထားပါသည်။ ထို့ ကြောင့် ဓမ္မပဒဟူသော ပါဠိဘာသာအမည်ကို တရားတော်ညွန့် ပေါင်းကျမ်းကြီးဟူ၍ ခေါ်ဆိုသင့်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဤဓမ္မပဒ ပါဠိတော်ဂါထာများဖြင့် သတ္တ၀ါ အနန္တတို့ အား ကိလေသာအမိုက်အမဲတို့ ကို ဖျက်ခွဲတော်မူစေ၍ နိဗ္ဗာန်သို့  ပို့ ဆောင်တော်မူခဲ့သည်။ မိခင်သည် ငိုကြွေးနေသောသားငယ်ကို နို့ ချိုတိုက်ကျွေးကာ သီချင်းဆို၍အငိုတိတ်စေသကဲ့သို့  ဘုရားရှင်သည်လည်း ကိလေသာဖြင့် ငိုကြွေးနေရသည့် သတ္တ၀ါအများအား ဤဓမ္မပဒနို့ ချိုဒေသနာကို တိုက်ကျွေးတော်မူ၍ ဓမ္မဂီတဖြင့် ကိလေသာအငိုကို တိတ်စေတော်မူခဲ့ပေသည်။ ဤဓမ္မပဒလာ ဂါထာများကို ကြားနာရလေသဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ်သို့  ရောက်ရှိခဲ့ကြသူများမှာ အသောကမင်းနှင့် အနော်ရထာမင်းတို့ ဖြစ်ကြပါသည်။ အသောကမင်းကြီး ------------------ ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူပြီးနောက် နှစ်ပေါင်း ၃၅၀ ခန့် ကမြတ်ဗုဒ္ဓ၏ အဆုံးအမ သာသနာတော်ကြီး ပျောက်သုဉ်းလုနီးနီး ဖြစ်၍ မိစ္ဆာဝါဒီများ ဖိစီးလွှမ်းမိုး ကြီးစိုးနေချိန်တွင် သာသနာပြုပုဂ္ဂိုလ် အစစ်အမှန်ကို ရှာကြံလိုလားသော အသောကမင်းတရားကြီးသည် စိတ်ပြေလက်ပျောက် လေသောက်တံခါးကိုဖွင့်ကာ အပြင်လောက သွားလာလှုပ်ရှားနေကြပုံများကို ကြည့်ရှုနေစဉ် ၀ိနည်းသိက္ခာပုဒ်တော်နှင့်အညီ နန်းရင်ပြင်၌ ဖြည်းညှင်းစွာ လှမ်းကြွ၍သွားသော သာသနာ့ကျက်သရေဆောင် နိဂြောဓသာမဏေကို နန်းတော်သို့ ပင့်ဖိတ်စေ၍ လှူဖွယ်ဝတ္ထုအစုစုဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ပြီးနောက် နိဂြောဓသာမဏေ မိန့် တော်ချွေသည့် " အပ္ပမာဒေါ အမတံ ပဒံ" အစရှိသော ဂါထာတရား နာကြားရ၍ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ခဲ့လေသည်။ အနော်ရထာမင်းကြီး -------------------- သာသနာနှစ် ၁၅၆၁ ခုနှစ်သို့  ရောက်သောအခါ အနော်ရထာမင်းလက်ထက်တွင် အရည်းကြီးတို့ ၏ မသင့်မလျှော် ဖောက်ပြန်မှားယွင်းသည့် အကျင့်ယုတ်များကို တွေ့ မြင်ရသောအခါ ဘုန်းကံပါရမီ ရင့်သန်သောသူ ဖြစ်သောကြောင့် ထိုအရည်းကြီးတို့ အား မကြည်ညိုမနှစ်သက်နိုင် ရှိခဲ့လေသည်။ ယင်းသို့ ဖြစ်စဉ်မှာပင် တောလိုက်မုဆိုးတစ်ယောက်သည် ထူးဆန်းသည့်အ၀တ်အစားကို ဆင်ယင်ထားသည့် အရှင်ဓမ္မဒဿီဘွဲ့ တော်ရှိသည့် ရှင်အရဟံကို ပင့်ဆောင်လာရာ ကြည်ညိုဖွယ် အတိရှိသော ထိုရှင်အရဟံကိုယ်တော်မြတ်အား ဖူးမြင်လိုက်ရသော အနော်ရထာဘုရင်သည် အရည်းကြီးများနှင့် မိုးနှင့်မြေအလား အလွန်ကွာခြားကြောင်း သိရှိမြင်တွေ့  ကြည်ညိုသဒ္ဓါတရား ဖြစ်ပွားကာ ပစ္စည်းလေးပါးလျူဒါန်းပူဇော်၍ အရှင်မြတ်၏ဆရာဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တရားတော်များကို ဟောကြားတော်မူပါလော့ဟု တောင်းပန်သောအခါ ရှင်အရဟံသည် " အပ္ပမာဒေါ အမတံပဒံ " အစချီသော ဤဓမ္မပဒဂါထာတော်မြတ်ကို ဟောကြားတော်မူပြီးနောက် အနော်ရထာမင်းကြီးသည် သာသနာတော်၌ သက်ဝင်ယုံကြည် သရဏဂုံတည်ကာ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ခဲ့ရလေသည်။ ဆရာတော် အရှင်စန္ဒိမာ (သာသနာရေးဦးစီးဌာန)


No comments:

Post a Comment