Saturday, April 27, 2013

“ဗုဒ္ဓရုပ်ပွါးတော်များကိုဘာကြောင့် အရှေ့ရပ်သို့ မျက်နှာမူထားရပါသလဲ။

“ဗုဒ္ဓရုပ်ပွါးတော်များကိုဘာကြောင့် အရှေ့ရပ်သို့ မျက်နှာမူထားရပါသလဲ။” ============================== ============

ရှေးဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် သုံးလောကထွဋ်တင်သဗ္ဗညုဘုရားရှင်၏ထူးခြားသော တကယ့်ဖြစ်စဉ် ယဉ်ကျေးမှုကို အတုယူပြီးအမြော်အမြင်ကြီးစွာဖြင့် ကျမ်းဂန် များနှင့်အညီ အရှေ့ရပ်သို့မျက်နှာမူပြီးဗုဒ္ဓရုပ်ပွားတော်များကို တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါသည်။


"ပုရတ္တာဘိမုခေါ နိသီဒ ပါစိနဒိသာဘိမုခေါနိသီဒိတွာ" လို့ ကျမ်းဂန်များတွင်ဖွင့်ဆိုသည့်အတိုင်း ...ဘုရားရှင်တိုင်း၊ ဘုရား ရှင်တိုင်းသည် အရှေ့ရပ်ကို မျက်နှာမူပြီးသာလျှင် ကိလေသာ အားလုံးကို ဖြိုဖျက်ကာ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရလျှက် သုံးလောကထွဋ်တားဘုရားရှင်အဖြစ်သို့ရောက်ရမြဲ ထုံးစံဖြစ်ပါ သည်။မြတ်စွာဘုရားရှင်လက်ထက်တော်အခါက သူတော်ကောင်း များသည် မြတ်စွာဘုရား၏ဓမ္မာသနပလ္လင်နေရာကို အဆောက်အအုံ ဟောခန်း၊ မဏ္ဍပ် စသည်တို့၏အလယ်ဗဟိုတိုင်ကို အမှီပြုပြီး အရှေ့ ဘက် မျက်နှာမူကာ တည်ဆောက်ထားကြမြဲထုံးစံဖြစ်၏။ မြတ်စွာဘုရားရှင်သည် အရှေ့ရပ်ကိုမျက်နှာမူကာ တရားဟောကြား တော်မူမြဲ ထုံးစံပင်ဖြစ်သည်။ထိုကျမ်းဂန်လာထုံးစံ သဘာဝတို့ကို အတုယူပြီးလျှင် ဗုဒ္ဓရုပ်ပွားတော်များကို အရှေ့ဘက်သို့မျက်နှာမူ လျက်ထည်ထားကိုးကွယ်ကြခြင်းဖြစ်ပါသည်။


ကမ္ဘာဦးအခါ နေနှင့်လ တို့သည်လည်းကောင်း၊ စကြ၀တေးမင်းအား ထိုက်တန်သော စတြာရတနာသည်လည်းကောင်း၊ လူသားများ၏ အလိုဆန္ဒ၊ သတ္တ၀ါတို့၏ကံအားလျော်စွာ အရှေ့လောကဓာတ်မှ ထွက်ပေါ်လာမြဲထုံးစံ ဖြစ်ကြကုန်၏။ အရှေ့ရပ်သည် ကျေးဇူးများပြီးမိဘနှင့် တင်စားခေါ်ဝေါ်အပ်သော မိဘရှိရာအရပ်တည်း။ ထိုသို့တန်ဖိုးထားအပ် မြင့်မြတ်သောအရပ် ဖြစ်သောကြောင့် ရှေးရှေးဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည်မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို တန်ဖိုးထားနိမိတ်ယူပြီးလျှင် ..ဗုဒ္ဓရုပ်ပွားတော်များကို အရှေ့ဘက်သို့မျက်နှာမူ တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။


ဒီပါအေးဆရာတော် ဦးနန္ဒမာလာ ၏ "လောကဓမ္မအမေးအဖြေများ" စာအုပ်မှ —


No comments:

Post a Comment