Friday, April 19, 2013

စာသင်ကျောင်းက ကယ်နိုင်ပါ့မလား- နိုင်ငံတော်ရဲ့ စံတန်ဖိုးတွေ မြှင့်တင်ခြင်း

စာသင်ကျောင်းက ကယ်နိုင်ပါ့မလား- နိုင်ငံတော်ရဲ့ စံတန်ဖိုးတွေ မြှင့်တင်ခြင်း


ဝေဖန်ပိုင်းခြားစဉ်းစားတွေးခေါ်ခြင်းကဲ့သို့ပင် ဘ၀နှင့် တသားတည်း ရှိစေရန်ကျောင်းသားများအနေဖြင့် စံတန်ဖိုးများနှင့် ဒီမိုကရေစီ ယဉ်ကျေးမှုတို့ကိုကိုယ်တိုင် ကြုံတွေ့နိုင်ခွင့်များရရှိစေသင့် ပါသည်။


လူမှု အဖွဲ့အစည်းငယ်တစ်ခုအနေဖြင့် သတ်မှတ်နိုင်သည့် စာသင်ကျောင်း၏ရည်ရွယ်ချက်များစွာထဲမှ အဓိက တစ်ခုမှာ လူသား စံတန်ဖိုးများကိုလက်ဆင့်ကမ်း သင်ကြားပေးရန်ဖြ စ်ပါ၏။ကောင်းမွန်သော စံတန်ဖိုးများမှာရပ်ရွာ၊ လူအဖွဲ့အစည်း၏စည်ပင် သာယာခြင်း၊ စည်းလုံး ညီညွတ်ခြင်းနှင့်မှီတင်းနေထိုင်ကြသူ ပြည်သူများအကြား သဟဇာတဖြစ်ခြင်းတို့အတွက် သော့ချက်ပင် ဖြစ်သည်။


မျိုးဆက်များအတွက် “ကောင်းရာတု၍၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌တည်စေမင်း၊” ဟူသော လောကသာရပျို့လာ အဆုံးအမအတိုင်း ယဉ်ကျေးမှုတွင်းတည်ရှိနေသော လိုလားအပ်သည့် ကောင်းမြတ် သော စံတန်ဖိုးများကိုလက်ဆင့်ကမ်းပေရန် ကျောင်းပညာရေးတွင် တာဝန်ရှိပြန်ပါသည်။တစ်ဆက် တည်းမှာပင် မျက်မှောက်ခေတ် ရပ်ရွာ၊လူ့အဖွဲ့ အစည်းအတွင်း လက်ခံကျင့်သုံးနေသည့် စံတန်ဖိုးများကိုဝေဘန်စစ်ကြော တတ်စေ ရန်၊ ပြောင်းလဲပြင်ဆင်သင့်သည်တို့ကို နားလည်ရန်၊ အဘယ်ကြောင့်လိုက်နာကျင့်သုံးသင့်သည်တို့ကို သိမြင်ခံစား တတ်စေရန်အတွက်လည်းစာသင်ခန်းများအတွင်း ဆွေးနွေးရအုံးမည်ဖြစ်ပါသည်။


စံတန်ဖိုးများအပေါ်တွင် အမြင်သဘောထားများမှာ မတူညီဘဲ၊ ကွဲပြားခြားနားနိုင်ပါသည်။အသက်အရွယ်၊ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရား၊ နိုင်ငံသား၊လူမျိုး၊ စသည့်အချက်များအပေါ်တွင် မူတည်နေခြင်းဖြစ်သည်။


စံတန်ဖိုးများမတူညီသည့်အတွက် ပေါ်ပေါက်နေသည့် ပြဿနာများကို လေ့လာကြည့်သင့်ပါသည်။


လက်ရှိ ပြင်သစ်နိုင်ငံတွင်းမှပြဿနာကို လေ့လာကြည့်လျှင် ဤအချက်ကို အထင်အရှားမြင်တွေ့နိုင် ပါသည်။အစ္စလမ် သာသာနာတွင် မူဆလင်အမျိုးသမီးများမှာ အစ္စလမ်သာသာနာ အထိမ်းအမှတ် ခေါင်းပေါင်းပ၀ါဝတ်ရုံများကိုဝတ်ဆင်ကြသည်။ ၂၀၁၀ ဇန်န၀ါရီလတွင် ပြင်သစ်ပါလီမန်မှဤ၀တ်စုံတို့ကို ၀တ်ဆင်ခြင်းအားတားမြစ်စေသင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ မူဆလင် အမျိုးသမီး ခေါင်းဆောင်းဝတ်စုံပြည့်ဝတ်ဆင်ခြင်းမှာ ပြင်သစ်နိုင်ငံ၏ စံတန်ဖိုးများအပေါ်တွင် “လက်မခံ နိုင်ဖွယ်ရာ” စိန်ခေါ်နေခြင်းပင်ဖြစ်သည်ဟု ရှုမြင် သုံးသပ်ချက်ပင် ဖြစ်လေသည်။hijab နှင့် tchadorတို့ကို“ခေါင်းဆောင်းဝတ်စုံပြည့်”ဟူ၍ခေါ်ဆိုနိုင်မည်လားဆိုသည်မှာ မသေချာ သော်ငြားလည်းburqa နှင့် niqab တို့မှာ “ခေါင်းဆောင်းဝတ်စုံပြည့်”ပင်ဖြစ်သည်။၆ လတာ ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ဥပဒေပြုသူ ၃၂ ဦးပါဝင် သော အဖွဲ့မှ ဤတားမြစ်ချက်ကို ထောက်ခံအဆိုပြုခဲ့ကြသည်။ စာသင်ကျောင်းများ၊ဆေးရုံ များ၊ လူထုသယ်ယူပို့ဆောင်ရေး ယာဉ်များနှင့် အစိုးရရုံးများတွင် မျက်နှာကို လွှမ်းခြုံ ထားသည့် ခေါင်းဆောင်းဝတ်ဆင်မှုကို တားမြစ်ရန် အဆိုပြုခြင်းမှာ ပြင်သစ်နိုင်ငံတွင် မူဆလင်အမျိုးသမီးဝတ်စုံ အပေါ်တွင် အပြင်းထန်ဆုံးကန့်သတ်ချက်ပင်ဖြစ်တော့သည်။ (အေအက်ပီသတင်းစဉ်)


မြန်မာနိုင်ငံ၏ပညာရေးရှုခင်းတစ်စုံလုံးကို လေ့လာကြည်မည်ဆို လျှင်လည်း လိုလားအပ်သော စံတန်ဖိုးများအတွက် လည်း ကောင်း၊မတူညီသော စံတန်ဖိုးများကိုသဟဇာတဖြစ်စေရန် အခွင့်အလမ်းများနည်းပါးသည်ကို တွေ့မြင်နိုင်ပါသည်။ဥပမာ အားဖြင့်မိခင်ဘာသာစကား၊တိုင်းရင်းသား ဘာသာစကားတို့ကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းမထားသေးခြင်း၊သင်ကြားခွင့် လုံးဝ မပြုခြင်း၊ ရိုးရာဓလေ့များကိုပညာရေးမှ တဆင့်ဖော်ထုတ်ခွင့် မပြုခြင်းများပင်ဖြစ်သည်။ ဤကဲ့သို့ တစ်ဖက်စောင်းနင်း ကျင့်ကြံမှု များသည် မတူညီသော စံတန်ဖိုးများကို သိမြင်ခံစားတတ်မှုစွမ်းရည်ဖွံ့ဖြိုးရန်နှင့် လူ့အဖွဲ့အစည်းအတွင်း သဟဇာတ ဖြစ်စေရန် အခက်အခဲများစွာ ရှိမည်ဖြစ်သည်။ ထို့အတူ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားစေရန် အတွက်လည်း လေ့ကျင့်သင်ကြားပေးရန် ပျက်ကွက်နေဆဲဖြစ်သည်။ (သင်ရိုးညွှန်းတမ်းအလုပ်ရုံဆွေးနွေးပွဲ ၂၀၀၆)


စံတန်ဖိုးအများစုမှာ လူသားအားလုံးနှင့်သက်ဆိုင်မှုရှိပြီးလျှင် နာခံလိုက်နာဖွယ်ဖြစ်သော်ငြားလည်းလူအဖွဲ့အစည်း အတွင်းရှိသူ အားလုံးမှ တပြေးညီ သိမြင်နားလည်မှု၊ လိုက်နာမှုတို့ကိုကား မမျှော်လင့်နိုင်ပါချေ။ သို့ဖြစ်လေရာ စံတန်ဖိုးများအပေါ်တွင် ပုဂ္ဂလ အတွေ့အကြုံများနှင့် လက်ရှိ အခြေအနေများ၏လွှမ်းခြုံသက်ရောက်မှု ရှိခြင်းပင် ဖြစ်သည်။


ဘုံနည်းလမ်းများ


ဤအချက်မှာ စံတန်ဖိုးများကိုလေ့ကျင့်ပျိုးထောင်ရာတွင် ကြီးမားသော စိန်ခေါ်ချက်အနေဖြင့် ရင်ဆိုင်ရသည်။ အတိတ်ကာလ များတွင် စံတန်ဖိုးများကိုသီးသန့်ဘာသာရပ်အ နေဖြင့် လေ့ကျင့်သင်ကြားကြပါသည်။များမကြာသေး မီနှစ်များမှ ပညာရေးသမားများသည် ဘာသာရပ်အားလုံး ယှက်နွယ်လွှမ်းခြုံသည့် (ပေါင်းစည်း သင်ရိုးintegrative) သင်ရိုးဖြင့် စံတန်ဖိုးတို့ကိုသင်ကြားရန် အားထုတ်လာကြသည်။ နည်းနာ ၂ ရပ်စလုံးတွင် ဆရာ၏မျှော်မှန်းချက်မှာ တူညီပါ၏။ အားလုံးမှ သိမြင်နားလည် ပြီးလျှင်အားလုံး၏ အကျိုးစီးပွားအတွက် ဘုံ စံတန်ဖိုးတို့ကိုလိုက်နာကျင့်သုံး ကြရန်ပင်ဖြစ်လေသည်။


ဤသည်မှာလည်းကျင့်ဝတ်နီတိနှင့်စံတန်ဖိုးပညာရေး value education နှင့် နိုင်ငံသားပညာရေးcitizenship education ဆောင်ရွက်ချက်များ၊ ပုံစံများ၏ရေရှည်မျှော်မှန်းချက် ဖြစ်သော်ငြားလည်းတစ်ဦးတစ်ယောက်ခြင်းစီ၏လိုအင်များကိုမူ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြောင်းလေ့လာတွေ့ရှိ ရပြန်ပါသည်။မိမိကိုယ်တိုင် စူးစမ်းလေ့လာ ရှာဖွေခြင်း၊ သိမြင်နားလည်ခြင်းနှင့်သင်ကြားနေသည့် စံတန်ဖိုးတို့ကို ဘ၀နှင့် ဆက်စပ်ပြီးလက်ခံကျင့်သုံးလာခြင်း တို့ကို ဆိုလိုပါသည်။


ချဉ်းကပ်မှုနည်းလမ်း အသစ်


အထက်ပါ သင်ယူခြင်းအဆင့်သို့ ရောက်ရှိစေရန်အတွက် သင်ကြားနည်းလမ်းတို့ကို ရှေးဦးစွာ အသေအချာ ဆင်ခြင် သုံးသပ် သင့်သည်။ မြန်မာစာသင်ကျောင်းများတွင် အများဆုံးအသုံးပြုနေသည့် ဟောပြောပို့ချနည်းနှင့်ပုံပြင် ဇာတ်လမ်းများပြောပြခြင်းနည်းလမ်းတို့ဖြင့်နောက်ဆုံးပိတ် တွင် “ဒီပုံပြင်ထဲက စာရိတ္တနဲ့ပတ်သက်လို့ ဘာသင်ခန်းစာ တွေရရှိသလဲ”မေးခွန်းမျှနှင့်ထိရောက်မှုမရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားများကိုယ်တိုင် တက်ကြွစွာ ပါဝင် လုပ်ဆောင်မှုမရှိသည့် အတွက်ပင် ဖြစ်သည်။


ကိုယ်တိုင် သိမြင် ခံစားရမှုမရှိခြင်းနှင့်နေ့စဉ်ဘ၀တွင် လက်တွေ့လိုက်နာ ကျင့်ကြံခြင်းမရှိသော စံတန်ဖိုးများသည် ကျင့်ဝတ်နီတိနှင့် စာရိတ္တကို ပုံဖော်နိုင်ရန်များစွာ အခက်အခဲရှိပါမည်။ထို့အတူ လေ့ကျင့် ပျိုးထောင်ပေးမှု မရှိဘဲနှင့်ကလေးများသည် သူ့အလိုအလျောက် ဒီမိုကရေစီ နိုင်ငံသားများဖြစ်လာရန် ခဲယဉ်းပါမည်။


သင်ကြားရန်နည်းလမ်းများ


ထိရောက်အောင်မြင်နိုင်ရန်အတွက် သင်ကြားနည်းလမ်း မျိုးစုံရှိနေပါသည်။ရိုးစင်းလွယ်ကူသော သင်နည်းများလည်း ဖြစ်ကြသည်။အခြားသော ဘာသာရပ်များကိုသ င်ကြားရာတွင်လည်းအသုံးပြုနိုင်ပါသည်။ဤနေရာတွင် မိတ်ဆက် ပေးမည့် သင်နည်း အထွေထွေ၏အရေးကြီးသည့် ဂုဏ်အင်္ဂါတစ်ရပ်မှာကျောင်းသူကျောင်းများအနေဖြင့် ကိုယ်တိုင် လက်ခံလိုက်နာကျင့်သုံးနေသည့် ခံယူချက်နှင့် စံတန်ဖိုးစနစ်တို့ကို တက်တက်ကြွကြွနှင့်အသေအချာ ခွဲခြမ်း စိတ်ဖြာ လေ့လာခြင်းပင်ဖြစ်သည်။စံတန်ဖိုး အသစ်နှင့် အကျင့်အကြံ အသစ်တို့ကို လက်ခံကျင့်သုံးခြင်းမပြုသေးမီ လေ့လာမှု ဖြစ်သည်။


ထို့အပြင် ဤသင်နည်းများတွင်ကျောင်းသားများအနေဖြင့် အဘယ်ကြောင့်ဤသို့၊ထိုသို့ ထင်မြင်ကြသည်၊ စဉ်းစား တွေးတောကြသည်၊ရှင်းလင်းဆွေးနွေးရန်ကို ဆရာဆရာမများမှ ထပ်ဆင့်မေးမြန်းရပါမည်။ စာသင်ကြား ခြင်း၏ထိရောက်အောင်မြင်မှုများအမြင့်မားဆုံးရရှိစေရန် ကျောင်းသူကျောင်းသားတိုင်းအားသူတို့၏ယုံကြည်ချက် များနှင့် အတွေးအမြင်သဘောထားတို့ကို တင်ပြခွင့်ပေးသင်သည်။အပြန်အလှန် တင်ပြဆွေးနွေးရာတွင်လည်းအားလုံးမှ ဂရုတစိုက်နားထောင်ပေးရန်လိုအပ်ပါသည်။


ဆန္ဒမဲပေးခြင်း


ဆရာမှ ရွေးချယ်ထားသော “အကြောင်းအရာ”၊“ခေါင်းစဉ်”၊ “အဆိုပြုချက်” တစ်ခုခုအပေါ်တွင်သဘောတူသည်၊ သဘောမတူပါ၊ ဟူ၍ကျောင်းသားများမှဆန္ဒမဲပေးခြင်းဖြင့် စတင်နိုင်သည်။ •ဥပမာအားဖြင့်-“မိသားစုတိုင်းဟာကလေး၂ ဦးသာ ယူသင့်တယ်ဆိုတဲ့ အချက်အပေါ်မှာ မင်းတို့ဘယ်လိုထင်မြင်ကြသလဲ”၊ “ကိုယ်ပိုင်ကားတွေ ၀ယ်ယူတာကိုအစိုးရအနေနဲ့ ကန့်သတ်မှုလုပ်ပြီးအများပြည်သူသုံးသယ်ယူပို့ဆောင်ေ ရးအတွက်ပိုမို လုပ်ဆောင်သင့်တယ်”၊ “ဒီနေ့ ကျောင်းတက်ဖို့အတွက် ဘယ်လို ၀တ်စုံဝတ်သင့်တယ်ဆိုတာ ကျောင်းသူ ကျောင်းသားများကိုယ်တိုင် ရွေးချယ် ၀တ်ဆင်ခွင့် ရှိသင့်ပါတယ်။” “နစ်နာဆုံးရှုံးနေတဲ့ ကျောင်းသူကျောင်းသားအခွင့်အရေးတွေ ရရှိဖို့အတွက် တောင်းဆိုရာမှာ ကျောင်းသားတိုင်းပါဝင်ရမှာ ဖြစ်တယ်။” ကျောင်းသူကျောင်းသားများအနေဖြင့်မည်သို့ပင် အဖြေပေးစေကာမူ ဆရာဆရာမများမှနောက်ဆက်တွဲ အနေဖြင့်“ဘာဖြစ်လို့ အဲဒီလို ထင်မြင်ယူဆရတာလဲ”ဟူသော မေးခွန်းကို မေးမြန်းရန် အလွန် အရေးကြီးပါသည်။


အဆင့်သတ်မှတ်ခြင်း


ဖြစ်နိုင်ချေ သုံးခု (သို့မဟုတ်ထို့ထက်ပို၍) ရွေးချယ်ထားရြှိ ပီးလျှင် ကျောင်းသားများမှအရေးကြီးဆုံးကို(သို့မဟုတ်) သူတို့နှစ်သက်သလိုအထက်အောက် ပြန်စီစဉ်ခြင်းဖြစ်သည်။ •ဥပမာအားဖြင့် -“အင်မတန်ဒုက္ခရောက်ပြီးအရေးကြီးတဲ့အချိန်မှာ တွေ့ဆုံစကားပြောဖို့ လူတစ်ဦးတည်းကိုသာ ရွေးချယ်ခွင့်ရှိခဲ့ရင် ဘယ်သူ့ကို ရွေးမလဲ။(အဖေ၊အမေ၊ ဆရာဆရာမ၊ သူငယ်ချင်းတစ်ဦးဦး)။” ကျောင်းသားများကိုယ်တိုင် ကြိုက်နှစ် သက်သလို ရွေးချယ်ခွင့် ပေးရာတွင် အဆင့်သတ်မှတ်ထား ခြင်းဖြစ်သည်။(၁) အနှစ်သက်ဆုံး- မှစပြီး- (၄)နောက်ဆုံး ရွေးချယ်မှု -အနေဖြင့် အဆင့်သတ်မှတ် ရွေးချယ်ခြင်းကို ဆိုလိုပါသည်။ ကျောင်းသားများ၏အဖြေ တို့ကိုလည်းထင်ဆင့် ရှင်းလင်း ဆွေးနွေးပေးရန် ဆရာမှ ယခင်အတိုင်းမေးမြန်းခြင်း ပြုရပါအုံးမည်။


စံတန်ဖိုးပြ မျဉ်းရှည်


မတူသော ရွေးချယ်စရာများ(သို့မဟုတ်) ဆန့်ကျင်ဘက် အမြင်သဘောထားများ၂ခုကို မျဉ်းတန်း၏အစွန်း၂ ဘက် ပေါ်တွင် တင်ဆက်ခြင်းနည်းလမ်းဖြစ်သည်။ရွေးချယ်စရာများမှ သူတို့ရပ်တည်မှု နေရာကို ရွေးချယ်ကြခြင်းဖြစ်သည်။ ကျောင်းသားများ၏ကိုယ်ပိုင် ခံယူချက်၊အမြင်သဘောထားများနှင့်အနီးစပ်ဆုံးရွေးချယ်မှု ပင်ဖြစ်သည်။အစွန်ဆုံး(၂) နေရာအပါအ၀င် ကြားတွင်ရှိသော နေရာများအားလုံးကို ဆိုလိုသည်။


တစ်တန်းလုံးလှုပ်လှုပ်ရှားရှား၊တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ရသည့် ကာယလှုပ်ရှားမှုများလည်းပါဝင်သည်။ အတန်းရှေ့တွင် ဖြစ်စေ၊(သင်ပုန်းပေါ်တွင်ဖြစ်စေ) မျဉ်းရှည်တစ်ကြောင်း ရေးဆွဲထားပြီးလျှင် ကျောင်းသားများမှ သူတို့ရပ်တည်ချက်နေရာတွင် လာရောက်၍ မတ်တပ်ရပ်နေရာယူကြခြင်းဖြစ်သည်။မတူညီသော ရပ်တည်ချက် များနှင့် အမြင်သဘောထားများဖြင့် ပျော်စရာ လည်းကောင်းသော သင်ကြားနည်းလမ်းတစ်ခုဖြစ်၏။


ဥပမာအားဖြင့် - “မိဘအုပ်ထိန်းမှုမှာ ဘယ်လိုပုံစံက အကောင်းဆုံးလဲ”(ဆရာမှနေ၍မျဉ်းရှည်၏ အစွန်းတစ်ဖက်တွင်“ဒီမိုကရေစီ နည်းကျ အုပ်ထိန်းမှု” ဟုရေးသားပြီး၊အခြားအစွန်းတစ်ဖက်တွင်မူ “ချုပ်ချယ် ကန့်သတ်မှုများဖြင့် အုပ်ထိန်းမှု” ဟူ၍ရေးသားထားသည်။ ဆရာမှနေ၍အစွန်း၂ ဖက် ရပ်တည်မှုနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းပေးနိုင်သည်။ကျောင်းသားများမှ အစွန်း(၂) ဘက်အပါဝင်မျဉ်းတန်းတစ်လျောက် နေရာအနှံ့တွင်သူတို့ ရပ်တည် ချက်အရ ရွေးချယ် ရပ်တည်ကြပြီးလျှင် မိမိဘာကြောင့် ရွေးချယ် ရပ်တည်ရသည်ကို ရှင်းလင်း ဆွေးနွေးကြရခြင်းဖြစ်သည်။


မြန်မာပြည်တွင်းသင်ရိုးရှိ ပြည်သူ့နီတိနှင့်စာရိတ္တ ဘာသာရပ်ပါ သင်ခန်းစာ အကြောင်းအရာများနှင့် မလုံလောက် သေးပါ။ ဒီမိုကရေစီ နိုင်ငံသား ပညာရေးကို သင်ရိုးညွှန်းတမ်းများတွင် ရှောင်ရှားခဲ့ကြသည်။ထည့်သွင်းရန် တွန့်ဆုတ် နေဆဲပင်ဖြစ်သည်။မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက် များနှင့် အခြားခြားသော စံတန်ဖိုးများကိုလည်းထည့်သွင်း သင့်ကြားပေးသင့်ပါသည်။အထူးသဖြင့် ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားစေရန်အတွက် အတန်းတိုင်း၊ အဆင့်တိုင်းတွင် သင်ရိုးကို ပြဌာန်းရေးဆွဲခြင်း၊နောက်ခံလွှာသင်ရိုးhidden curriculum အနေဖြင့်လက်ခံကျင့်သုံးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။


No comments:

Post a Comment