Sunday, June 2, 2013

ဝိသုဒ္ဓိမဂ်ဘာသာပြန်ခဲ့သူများ

ဝိသုဒ္ဓိမဂ်ဘာသာပြန်ခဲ့သူများ

ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာ ပြန်ရခြင်းအကြောင်းမှာလည်း စိတ်ဝင်စားရန် ကောင်းလှသည်။သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလသည် အလွန်တရာ သိမ်မွေ့နက်နဲ ခက်ခဲသော ပဋိပတ္တိကျင့်စဉ်များ ပါရှိသည့် ၀ိသုဒ္ဓိမဂ်ကျမ်း ကြီးအားအင်္ဂလိပ်ဘာသာ ပြန်ဆို ပေးနိုင်သူအားအိန္ဒိယရူးပီးငွေ ၁၀၀၀ ပေးလှူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့် မစ္စဒေးဗစ်တို့၏ လန်ဒန်ပါဠိအသင်းကြီးသည် နောက်ဆုံးတွင် ၀ိသုဒ္ဓိမဂ်ကျမ်းအားအပိုင်းသုံးပိုင်းခွဲ၍ဘာသာပြန်ဆိုရန် စီစဉ်ကြသည်။ဝိသုဒ္ဓိမဂ် ပထမပိုင်း သီလခန်းအား မြန်မာနိုင်ငံမှ ဆရာကြီးဦးဖေမောင်တင်မှ လည်းကောင်း၊ဒုတိယပိုင်း သမာဓိအခန်းကို ရခိုင်အမျိုးသားအရေးပိုင် ဦးရွှေဇံအောင်မှ လည်းကောင်း၊တတိယပိုင်း ပညာအခန်းအားလန်ဒန် ပါဠိအသင်းကြီး၏ဥက္ကဋ္ဌဖြစ်သူ မစ္စရွိုက်ဒေးဗစ် မှလည်းကောင်း အသီးသီးတာဝန်ခွဲဝေ ပြန်ဆိုကြရန် စီစဉ်ခဲ့ကြသည်။ ဆရာကြီးဦးဖေမောင်တင်သည် ၁၉၃၁ခုနှစ်တွင် လန်ဒန်အောက်စဖို့တက္ကသိုလ် စာပေ၀ိဇ္ဇာဘွဲ့ (B.Litt) ရရှိရန် ၀ိသုဒ္ဓိမဂ်ပထမပိုင်းကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားတင်သွင်းခဲရာ ထိုင်းဘုရင်မှ စတာလင်ပေါင် ၁၀၀၀ချီးမြှင့်ခဲ့သည်။ အဆိုပါငွေကို လန်ဒန်ပါဠိအသင်းကြီးသို့ ပြန်လည်ပေးအပ် လှူဒါန်းခဲ့သည်။ဆရာကြီးဦးဖေမောင်တင်မှာ ပါဠိနှင့် အင်္ဂလိပ်ဘာသာကို လွန်စွာကျွမ်းကျင်သူဖြစ်ရာ ဗုဒ္ဓကျမ်းစာများ ကို အင်္ဂလိပ်ဘာသာဖြင့်အများဆုံးပြန်ဆိုခဲ့သူဖြစ်သည်။ ပြန်ဆိုခဲ့သော ကျမ်းများမှာ ၁၉၁၂ခုနှစ်တွင် "ဒီပ၀ံသမှတ်စုများ" (Depavamsa)နှင့် "ခုဒ္ဒကပါဋ္ဌ" (Khuddaka Patha)၊ ၁၉၁၄ခုနှစ်တွင် အေ ခြပြုပါဠိသဒ္ဒါ (A Pali Primer)၊ ၁၉၁၅ခုနှစ်တွင် "မိလိန္ဒပညာ" (Milinda Panha)၊ ၁၉၁၈ခုနှစ်တွင် "ပါဠိဖတ်စာ" (A Pali Reader)၊ ၁၉၁၈ခုနှစ်တွင် အဋ္ဌသာလိနီ (အဆိုပါကျမ်းကို လန်ဒန်ပါဠိအသင်းမှ ၁၉၅၈ခုနှစ်တွင်ထပ်မံ ပုံနှိပ်ခဲ့သည်) စသည့်ကျမ်းများကိုဘာသာပြန်ရေးသားထုတ်ဝေခဲ့သူဖြစ်ရာ ကမ္ဘာမှလေးစားရသော မြန်မာနိုင်ငံမှ ထူးချွန်သည့် ပညာရှင်တစ်ဦး ဖြစ်သည်။ ဦးရွှေဇံအောင်မှာ ရာထူးတိုးပြီး တာဝန်များပြားသဖြင့် ၀ိသုဒ္ဓိမဂ် "သမာဓိ" အခန်းကို ဆရာကြီးဦးဖေမောင်တင်မှပင် တာဝန်ယူပြန်ဆိုခဲ့ရသည်။ ၀ိသုဒ္ဓိမဂ်ကျမ်းကြီးအားဘာသာပြန်ရေးရသည်မှာ လွန်စွာခက်ခဲပင်ပန်းမှု ရှိခဲ့ခြင်းကြောင့် လန်ဒန်ပါဠိအသင်းဥက္ကဋ္ဌ မစ္စဒေးဗစ်မှပင် ကျမ်းနိဂုံးတွင် ချီးကျူးဂုဏ်ပြုအမှာစကား ရေးသားခဲ့သည်။ လန်ဒန်ပါဠိသင်းကြီးမှာ ထေရ၀ါဒဗုဒ္ဓဘာသာ ပါဠိအဋ္ဌကထာ အုပ်ရေ(၅၀)ကို ဘာသာပြန်ရေးကိစ္စတွင် ဦးဖေမောင်တင်မှ အယ်ဒီတာ တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက်ခဲ့ရကြောင်း မောင်ဇေယျာ၏"ကမ္ဘာသိမြန်မာများနှင့် ကမ္ဘာသိမြန်မာစာအုပ်များ" တွင် ဖော်ပြထားသည်။ (ဦးထွဏ်းလွင်-မိတ္ထီလာ ရေးသားသည့် အနောက်နိုင်ငံများသို့ ဗုဒ္ဓဘာသာ ရောက်ရှိပြန့်ပွားခြင်း စာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။)


No comments:

Post a Comment