Tuesday, April 30, 2013

အင်းဝတံတား သို့မဟုတ် စစ်ကိုင်းတံတား

အင်းဝတံတား သို့မဟုတ် စစ်ကိုင်းတံတား


စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးကို ဆက်သွယ် ထားသည့် ဧရာဝတီ မြစ်ကူး''အင်းဝ တံတားခေါ် စစ်ကိုင်းကြီး ''ကို မြန်မာသက္ကရာဇ် ၈ဝ၄ ခုနှစ်တွင်မြန်မာ ဘုရင် (ထူပါရုံ ဒါယကာ)ပြည်သီဟ သူနရ ပတိမှ စတင် ဆောက်လုပ် ခဲ့သည်။၁၇နှစ် ကြာပြီးနောက် မြန်မာ သက္ကရာဇ် ၈၂၁ခုနှစ်တွင် သာလွန် မင်းသား၏ သားတော် မင်းရဲ နန္ဒမိတ်မှ ကျွန်းသစ် တို့ဖြင့် ဒုတိယ အကြိမ် တည်ဆောက်ခဲ့သည်။ ထပ်မံ၍စစ်ကိုင်း ဘက်ရှိ ထူပါရုံ စေတီတော် ထီးတော် တင်ပွဲသို့ စစ်အင်္ဂါ လေးပါးဖြင့် ချီတက် နိုင်ရန် တတိယ အကြိမ် (ရတနာ ပူရရွှေဝ) ကျွန်းသစ် ဖြင့်ပင် ထပ်မံ ဆောက်လုပ် ခဲ့ကြောင်း ခရစ်နှစ် ၁၄၈၅ခုနှစ် နရပတိ ကျောက်စာတွင် ရေးထိုး ထားသည်။ မြန်မာ သက္ကရာဇ် ၁၂၉၅ခုနှစ်ပြာသို လပြည့်ကျော် ၃ ရက် အင်္ဂါနေ့ (ခရစ်နှစ် ၁၉၃၄ခုနှစ်ဇန်နဝါရီ ၂ ရက်)တွင် မီးရထားတစ်စီးသာ သွားလာ နိုင်သော အဆင့်ဖြင့် နယ်ချဲ့ အင်္ဂလိပ် အစိုးရမှ စတင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။


ပဋ္ဌာန်း၂ ၄-ပစ္စည်း(အင်္ဂလိပ် ဘာသာပြန်)

ပဋ္ဌာန်း၂ ၄-ပစ္စည်း(အင်္ဂလိပ် ဘာသာပြန်)


၁။ဟေတု ပစ္စယ=The relation way of root. ၂။အာရမ္မဏပစ္စယ=The relation of object. ၃။အဓိပတိပစ္စယ=The relation of dominance. ၄။အနန္တရ ပစ္စယ=The relationof contiguity. ၅။သမနန္တရ ပစ္စယ=The relation of immediate contiguity. ၆။သဟဇာတ ပစ္စယ=The relation of Co-existence. ၇။အညမည ပစ္စယ=The relation of reciprocity. ၈။နိဿယ ပစ္စယ=The relation of dependence. ၉။ဥပနိဿယ ပစ္စယ=The relation of Sufficing condition. ၁၀။ပုရေဇာတပစ္စယ=The relation of pre-existence. ၁၁။ပစ္ဆာဇာတ ပစ္စယ=The relation 0f post-existence. ၁၂။အာသေ၀န ပစ္စယ=The relation of habitual recurrence. ၁၃။ကမ္မ ပစ္စယ=The relation of Kamma. ၁၄။ဝိပါက ပစ္စယ=The relation of effect. ၁၅။အာဟာရ ပစ္စယ=The relation of food. ၁၆။ဣန္ဒြိယ ပစ္စယ=The relation of control. ၁၇။ဈာန ပစ္စယ=The relation of jhana. ၁၈။မဂ္ဂပစ္စယ=The relation of path. ၁၉။သမ္ပယုတ္တ ပစ္စယ=The relation of association. ၂၀။ဝိပ္ပယုတ္တပစ္စယ=The relation of dissociation. ၂၁။အတ္ထိ ပစ္စယ=The relation of presence. ၂၂။နတ္ထိ ပစ္စယ=The relation of absence. ၂၃။ဝိဂတ ပစ္စယ=The relation of abeyance. ၂၄။အ၀ိဂတ ပစ္စယ=The relation of continuance.


Monday, April 29, 2013

ချီးမွမ်းထိုက်သော သားသမီး"

"ချီးမွမ်းထိုက်သော သားသမီး" •••••••••••••••••••••••••••••••••


တခါ သော် မြတ်စွာဘုရားသခင်က ရဟန်းတို့အား မိဘတို့သည် အကြောင်း ၅-မျိုးကြောင့် သားသမီးကို အလိုရှိကြောင်း ဤသို့ မိန့်တော်မူသည်။


ရဟန်းတို့၊ မိဘတို့သည် အကြောင်း ၅-မျိုးကြောင့် သားသမီး အလိုရှိကုန်၏။ ယင်းအကြောင်း ၅-မျိုးမှာ-၁။ငါတို့ မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်။ ၂။ငါတို့၏အမှုကိစ္စကို ပြုလုပ်ပေးလိမ့်မည်။ ၃။အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။ ၄။အမွေခံ ဖြစ်ပေလိမ့်မည်။ ၅။ဘ၀တပါးသို့ ပြောင်းသွားသော ငါတို့အား အလှူ၏အဖို့ကို ပေးဝေကြပေလိမ့်မည်။ ဟူသော အချက်များ ဖြစ်သည်။


ရဟန်းတို့၊ ဤအကြောင်း ၅-မျိုးကို ကောင်းစွာရှုမြင်သည့် ပညာရှိ မိဘတို့သည် သားသမီးကို လိုချင် တောင့်တကြကုန်၏။ ထို့ကြောင့် ပြုဖူးသော ကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်သော, ငြိမ်သက်သော စိတ်ရှိသော, သူတော်ကောင်းတို့သည် ရှေးကပြုဖူးသည်ကို အဖန်ဖန်အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏။ ကျေးဇူးပြုဖူးသူ၏ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ မိဘတို့၏ အမှုကိစ္စတို့ကို ပြုလုပ်ကုန်၏။


ရဟန်းတို့၊ မိဘတို့ အဆုံးအမကို လိုက်နာလေ့ရှိ၍မွေးမြူဖူးသော မိဘတို့အား လုပ်ကျွေး မွေးမြူလေ့ရှိသော အမျိုးအနွယ် မယုတ်စေ၍ သဒ္ဓါတရားရှိသည့် သီလနှင့်ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။


(အင်္ဂုတ္တိုရ် ၄-သုမန၀ဂ်၊ ၉-ပုတ္တသုတ် )


Dhamma Danã Source ► www.facebook.com/youngbuddhistassociation.mm


ဗုဒ္ဓသာသနာ့ အလံ တော် ဖြစ်ပေါ်လာပုံ

ဗုဒ္ဓသာသနာ့ အလံ တော် ဖြစ်ပေါ်လာပုံ *************************** ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံ၌သမ္မသမ္ဗုဒ္ဓ ဘုရားအဖြစ် ရောက်တော်မူခဲ့သည်။


ဘုရားရှင်သည် ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူပြီးနောက် အဘိဓမ္မာ(၇)ကျမ်း ဖြစ်သည့် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်ကျမ်း (၆)မျိုးအထိ ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။ ရောင်ခြည်တော်များ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပါ။


ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်မှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခဲ့သည်ဟု ဆိုခဲ့ကြသည်။ ယင်းရောင်ခြည်တော် ခြောက်သွယ်သည်ကား---၁။နီလရောင်ခြည်တော်။ ၂။ပီတရောင်ခြည်တော်။ ၃။လောဟိတ ရောင်ခြည်တော်။ ၄။သြဒါတရောင်ခြည်တော်။ ၅။မဉ္ဇိဋ္ဌရောင်ခြည်တော်။ ၆။ပဘဿရ ရောင်ခြည်တော် စသည့် ရောင်ခြည်တော်များပင် ဖြစ်ပါသည်ဟု ရှေးဟောင်းကျမ်းများအရ သိရှိခဲ့ရပေသည်။


၁။နီလရောင်ခြည်တော် နီလာကျောက်ကဲ့သို့ ပြာညိုရောင်အဆင်းရှိပြီး ဗုဒ္ဓဘုရားရှင်၏ဆံတော်, မုတ်ဆိတ်တော်,မျက်ဝန်းတော်တခို,စိမ်းညိုသောအရပ်ဌာနတို့မှ ကွန့်မြူးထွက်ပေါ်လာသည့် ရောင်ခြည်တော်။


၂။ပီတရောင်ခြည်တော် ၀ါရွှေသောအဆင်းရှိသော ရောင်ခြည်တော်၊ မြတ်ဗုဒ္ဓ၏သိင်္ဂီရွှေလှောင်, အရေတော်, အသားတော်တို့မှ စ၍ ၀ါရွှေသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။


၃။လောဟိတ ရောင်ခြည်တော် အနီရောင်အဆင်းရှိပြီးမြတ်ဗုဒ္ဓ၏အာတော်, လျှာတော်,နှုတ်ခမ်းတော်, ခြေဖ၀ါးတော်,လက်ဖ၀ါးတော်, ခြေသည်းတော်,လက်သည်းတော်တို့မှစ၍ နီမြန်းသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။


၎။သြဒါတရောင်ခြည်တော် အဖြူရောင်အဆင်းရှိပြီး မြဗုဒ္ဓ၏သွားတော်,စွယ်တော်, အရိုးတော်, မျက်ဖြူတော်,ဥဏ္ဏလုံမွှေရှင်တော် တို့မှစ၍ ဖြူဖွေးသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။


၅။မဉ္ဇိဋ္ဌရောင်ခြည်တော် ပန်းရောင်အဆင်းရှိသည့် နီမောင်းသော ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော်တိုင်အောင် ရွှေကိုယ်တော်အစိတ်အစိတ်မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။


၆။ပဘဿရ ရောင်ခြည်တော် ပြိုးပြိုးပြက်ပြက် အရောင်စုံထွက်သည့် ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ရွှေကိုယ်တော်အလုံးမှ ထွက်ပေါ်ကွန့်မြူးသည်။


မြတ်ဗုဒ္ဓ ရှင်တော်မြတ်ဘုရား၏ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်သည့်အခါမှ ထွက်ပေါ်လာသည့် ရောင်ခြည်တော်(၆)သွယ်သည် အံ့သြမကုန်၊ ရှိခိုးကြည်ညိုသဒ္ဓါ ပွားများ၍မကုန်နိုင်အောင် ရှိလှပေသည်။


စာရေးသူသည် ကြီးကျယ်ခန့်ညား အံ့ချီးမကုန်နိုင်သည့် ဗုဒ္ဓရှင်တော်မြတ်၏ ခြောက်သွယ်သော ရောင်ခြည်တော်များကို အခြေပြုစံထားပြီး ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင် ယနေ့သုံးစွဲနေကြသည့် သာသနာ့အလံတော်၏ အခြေခံ မူလအစဖြစ်ပေါ်ပုံကို အမှတ်မထင် ဦးကြည်စိုး ဒုလ္လဘ-ရဟန်းပြုဘက်မှ သူ၏မိတ်ဆွေ သား-မင်္ဂလာဆောင်တွင် ရရှိလာသည့်(ဆရာချစ်ဆွေ ဘထွေးလေး)ရေးသားသည့် ဗုဒ္ဓသာသနာ့အလံတော်နှင့် သြကာသကန်တော့ခန်း ဓမ္မဒါနစာအုပ်ကလေးကို အမှတ်မထင် တွေ့ရှိခဲ့ရပြီး ကြည်ညိုသဒ္ဓါမဆုံး စေတနာပီတိဖုံးကာ စေတနာစေ့ဆော်သည့်စိတ်ကြောင့် ရေးသားအပ်ပါတော့သည်။


၁၈၈၅-ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)ကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပရန်နှင့် မြတ်ဗုဒ္ဓ၏ရောင်ခြည်တော်ခြောက်ပါးတွင်ပါဝင်သည့် အရောင်တို့ကို မြတ်ဗုဒ္ဓ၏ အလံတော်အဖြစ် အသုံးပြုရန် "အော်လကော့" အမှူးပြုသော သီဟိုဠ်ဗုဒ္ဓဘာသာဝင်များအား အကြံပေးခဲ့ရာ သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ အားလုံးကပင် နှစ်သက်လက်ခံခဲကြသည်။


ဗုဒ္ဓအလံတော် ဖွဲ့စည်းရေးကော်မတီ တရပ်ကိုလည်း ကိုလံဘိုမြို့၌ ၁၈၈၅-ခုနှစ်တွင် ဖွဲ့စည်းကာ ဗုဒ္ဓအလံတော်ကို ၁၈၈၅-ခုနှစ် မေလ(၂၈)ရက် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)တွင် အလံတင်၍ လွှင့်ထူ ခဲ့ကြောင်းနှင့် ၁၈၈၅-ခုနှစ် ဧပြီလ(၁၇)ရက်နေ့ထုတ် သတင်းစာတွင် Sarasavi Sandaresa အများသိစေရန် ကြေညာခဲ့ပြီးမှ ယင်းအလံလွှင့်ထူခြင်းဖြစ်ကြောင်း၁၈၈၅-ခုနှစ် ဧပြီလ(၈)ရက်နေ့တွင် ပြန်လည်ပြုပြင်ထားသော အလံကို ယင်းနှစ် Vesakday မှာ လွှင့်ထူခဲ့သည်။၁၈၈၅-ခုနှစ်တွင် အနာဂါရိက ဓမ္မပါလာ Olcott နှင့် Anagrik Dhamapala တို့က ဗုဒ္ဓသာသနာ့အလံကို ဂျပန်ပြည်နှင့် မြန်မာပြည်တို့ကို တင်ပို့ခဲ့ကြောင်း သိရှိခဲ့ရသည်။


၁၉၅၀-ပြည့်နှစ် မေလ (၂၅)ရက်နေ့တွင် ကျင်းပသော World Fillowship of Buddhistsကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၌သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ၏ အဆိုပြုချက်အရ ဗုဒ္ဓသာသနာ့အလံတော်ကိုပင် ကမ္ဘာ့ဗုဒ္ဓ ဘာသာ သာသနာ့အလံတော်အဖြစ် တညီတညွတ်တည်း အတည်ပြုလက်ခံခဲ့ကြသည်။


မူလအခြေခံကျကျ ဗုဒ္ဓသာသနာ့အလံတော်ကို ထုတ်လုပ်ရန် အကြံပြုခဲ့သည့် Henry Stell Olcott သည် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပြီး ဗိုလ်မှူးကြီးဟောင်းတဦးလည်း ဖြစ်ကြောင်းနှင့် အသက် (၇၅)နှစ်အရွယ် ၁၉၀၇-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အိန္ဒိယပြည် အာဒယာမြို့တွင် ကွယ်လွန်ခဲ့ကြောင်း မှတ်သားရမိပါသည်။


မည်သို့ပင်ဆိုစေကာမူ စာရေးသူတို့ ဉာဏ်မမီခဲ့သည့် မြတ်ဗုဒ္ဓ၏ သာသနာ့အလံသည် ဗုဒ္ဓရှင်တော်မြတ် ဘုရား၏ချီးကျူးမကုန်၊ အံ့သြမကုန်၊ ထူးကဲမွန်မြတ်လှသည့် ခြောက်သွယ်သော ရောင်ခြည်တော်များဖြင့် ထုံမွမ်းထားခဲ့၍ကြည်ညိုသဒ္ဓါ ပွားများခဲ့ရပေသည်။


ဗုဒ္ဓသာသနာ့အလံတော်သည် ဗုဒ္ဓဘုရားရှင်၏သာသနာ တည့်တံ့ပြန့်ပွားရာ နေရာတိုင်းတွင် ကြည်ညိုသဒ္ဓါ ပြည့်ဝစွာဖြင့် တလွင့်လွင့် ပျံ့လွင့်လျက် ရှိနေမည် ဖြစ်သည်။


ကျမ်းကိုး။ ။ ဆရာချစ်ဆွေ-ဘထွေးလေး၏ဗုဒ္ဓသာသနာ့ အလံတော်နှင့် သြကာသကန်တော့ခန်း(ဓမ္မဒါနစာအုပ်)မှ ဖြစ်ပါသည်။


အသိနှင့် ကိုယ်ကျင့်

အသိနှင့် ကိုယ်ကျင့်


အသိသည် အသိသာ၊ကိုယ်ကျင့်မဟုတ်၊ သိတိုင်းမကျင့်နိုင်လျှင် သိနေရုံဖြင့် အကျိုးမရ၊ ကျမ်းစာတို့သည် သိ အောင်သာ ညွန်ပြ၏။ ကျင့်၍မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူများ၊ အဆုံးအမ များများ ခံရသူတို့သည် အသိမနည်းလှ။ သို့သော် ထိုသိသူများတွင် အထိုက်အလျောက် စောင့်စည်းသူ၊ သတိထားသူကား အလွန်နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေပေါများနေသော ဤလောကကြီးဝယ် လူကောင်းသူကောင်းများပင် စိတ်ထားကောင်းဖို့ ခဲယဉ်းလေတော့သည်။


( အရှင်ဇနကာဘိဝံသ )


"ဗုဒ္ဓဘာသာဝင်များအတွက်

"ဗုဒ္ဓဘာသာဝင်များအတွက်"


စည်းမျဉ်း၊ စည်းကမ်းတွေကို ပါဠိလို ၀ိနယ လို့ခေါ်ပါတယ်။ ၀ိနယ ကို မြန်မာမှုပြုထားတာက၀ိနည်းတဲ့။ စည်းမျဉ်းစည်းကမ်းတွေကို တစ်စုတစ်ဝေးတည်း ပေါင်းစုထားတာကိုတော့ ၀ိနယပိဋက လို့ခေါ်ပါတယ်။ ခေတ်စကားနဲ့ပြောရရင်တော့ ဥပဒေပေါင်းချုပ် ပေါ့။


(၀ိနယပိဋက) ဥပဒေပေါင်းချုပ်စာအုပ် ငါးအုပ်ရှိတယ်။ ငါးအုပ်ထဲက မဟာဝါစာအုပ်ကို ပထမဆုံးလေ့လာဘူး တယ်ဆိုတာ ပြောခဲ့ပြီးပြီ။ မဟာဝါစာအုပ်မှာ အခန်း(Section) ၁၀ခုရှိတယ်။


ဝိနည်းဥပဒေစာအုပ်ဆိုပေမဲ့ ဥပဒေချည်းသက်သက် ဖော်ပြထားတာမဟုတ်ဘူး။ သမိုင်းရှုဒေါင့်ကအင်မတန်အရေးပါတဲ့တန်ဘိုးမဖြတ်နိုင်တဲ့ ဘုရားရှင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အစောဆုံးစာမျက်နှာတွေမှာ တွေ့ရတယ်။


အမည် - သိဒ္ဓတ္ထ မျိုးနွယ်အမည်- ဂေါတမ မွေးနှစ် – ဘီစီ၆၂၃၊မေလ လပြည့်နေ့ မွေးဖွားရာနေရာ – လုမ္ဗိနီဥယျာဉ်၊ကပိလ၀တ္ထု ဇာတိ – ကပိလ၀တ္ထု


မိဘ – သုဒ္ဓေါဒန၊ မဟာမာယာ ဇနီး– ယသောဓရာ သား – ရာဟုလာ ယောက်ဖ – ဒေ၀ဒတ် နန်းစံနှစ် – ၁၃ နှစ် (၁၆-၂၉)


နိမိတ်ကြီးများ– သူအို၊သူနာ၊ သူသေ၊ ရဟန်း ဗျာဒိတ်ခံယူသောဘ၀– သုမေဓောရသေ့ဘ၀ ဗျာဒိတ်ခံယူသောနေ့ – ကဆုန်လပြည့် ဗျာဒိတ်ပေးသောဘုရား – ဒီပင်္ကရာမြတ်စွာဘုရား


ပါရမီဖြည့်ဘက် –သုမိတ္တာအမျိုးသမီး ပါရမီဖြည့်ရာကာလ– လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရခြည်င်း၏ရည်ရွယ်ချက် – သတ္တ၀ါအကျိုးသယ်ပိုးရန်


ဒုက္ကရစရိယာကျင့်ရသောကာလ – ၆နှစ်ကြာ (၉၇-၁၀၃) ဒုက္ကရစရိယာကျင့်သည့်နေရာ – ဥရုဝေဠတော ဘုရားဖြစ်ချိန်သက်တော် – ၃၅နှစ်အရွယ် ဘုရားပွင့်ရာသက်တမ်း– ၁၀၀ တမ်း


တရားဦးဟောသည့်နေရာ – ဗာရာဏသီ၊မိဂဒါဝုန်တော ပထမဆုံးသာဝက – ပဉ္စ၀ဂ္ဂီ ငါးဦး နောက်ဆုံးကျွတ်သောသာဝက – သုဘဒ္ဒပရိဗိုဇ် လက်ယာရံအဂ္ဂသာဝက– ရှင်သာရိပုတ္တရာ လက်ဝဲရံအဂ္ဂသာဝက – ရှင်မဟာမောဂ္ဂလာန်


အဆုံးအမသာသနာ – ပရိယတ္တိ၊ ပဋိပတ္တိ၊ပဋိဝေဓ ကျင့်စဉ်သိက္ခာ – သီလ၊သမာဓိ၊ပညာ ချမှတ်သောလမ်းစဉ်– မဇ္ဈိမပဋိပဒါ


ပဋိသန္ဓေယူသောနေ့– မဟာသက္ကရာဇ် ၆၇၊၀ါဆိုလပြည့်၊ ကြာသပတေးနေ့ ဖွားမြင်သောနေ့ –မဟာသက္ကရာဇ်၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့ တောထွက်သောနေ့ – မဟာသက္ကရာဇ် ၉၇၊၀ါဆိုလပြည့်၊ တနင်္လာနေ့


ဘုရားဖြစ်သောနေ့ – မဟာသက္ကရာဇ် ၁၀၃၊ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ ဓမ္မစကြာဟောသောနေ့– မဟာသက္ကရာဇ် ၁၀၃၊၀ါဆိုလပြည့်၊ စနေနေ့ ပရိနိဗ္ဗာန်စံသောနေ့ – မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ တေဇောဓာတ်လောင်သောနေ့ – မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လဆုတ်၁၂၊ တနင်္ဂနွေနေ့


ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ ဒါလေးတွေ သိသင့်လို့ ရှာဖွေတင်ပေးလိုက်တယ်။


Credit- ဒေါက်တာအရှင်ဣန္ဒက


"ရဟန်းသံဃာများနှင့် ပြောတတ်ဆိုတတ် ဆက်ဆံတတ်ရန် စကားပြောနည်း

"ရဟန်းသံဃာများနှင့် ပြောတတ်ဆိုတတ် ဆက်ဆံတတ်ရန် စကားပြောနည်း" *************************************************


ရဟန်းသံဃာတော်များနှင့် ပြောဆိုဆက်ဆံရာ၌မင်း၊ ငါ၊ ကျုပ်၊ ခင်ဗျား၊ ကျွန်တော်၊ ကျမ စသည် ဖြင့် ပြောဆိုခြင်း မပြုရ။ မိမိကိုယ်ကိုပြောလျှင် “တပည့်တော်၊ ဘုရားတပည့်တော်” ဟုသုံးနှုန်းပြောဆိုရမည်။“မင်း၊ သင်၊ ခင်ဗျား၊” အစား “အရှင်ဘုရား” ဟု သုံးနှုန်းပြောဆိုရမည်။ ခေါ်သောအခါမှာလည်း “ကိုရင်ဘုရား၊ ဦးပဉ္ဇင်းဘုရား၊ ဆရာတော်ဘုရား၊ ဘုန်းဘုန်းဘုရား” ဟု ခေါ်ဝေါ်သုံးနှုန်းရမည်။


ရဟန်းသံဃာတော်များကို လူပုဂ္ဂိုလ်များက ပြောဆိုလျှောက်ထားရာ၌ “ထမင်းစားပါဘုရား၊ ဟင်းစားပါဘုရား” စသည်ဖြင့် မပြောရပါ။ဤသို့ပြောလျှင် ရဟန်းသံဃာတော်များမှာ ဝိနည်းသိက္ခာပုဒ်အရ ဘုဉ်းပေးသုံးဆောင် ခွင့် မရှိတော့ပေ။ ထမင်းအစား “ဆွမ်း” ဟုသုံးနှုန်းရမည်ဖြစ်ပါသည်။ “ဆွမ်းဘုဉ်းပေးပါဦး ဘုရား၊ ဆွမ်းဟင်းများ ပြည့်စုံပါသလားဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထားရမည် ဖြစ်သည်။ ရဟန်းသံဃာတော်များ ခရီး သွားနေစဉ် မိမိက ခဏခေတ္တရပ်တန့်စေပြီး စကားပြောလိုလျှင် “ရပ်တော်မူပါဦးဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထားရပါသည်။


ဆွမ်းခံကြွလာလျှင် လောင်းလှူလိုပါက “ရပ်တော်မူပါဦးဘုရား” ဟုလျှောက်ထားပြီး ရိုသေစွာ ဆွမ်းနှင့် ဆွမ်းဟင်းများကို လောင်းလှူရသည်။ မလောင်းလှူနိုင်ပါကလည်း “ကန်တော့ပါသေးရဲ့ဘုရား ကန်တော့ဆွမ်းပါဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထားရသည်။


လမ်းမှာ ခဏခေတ္တရပ်၍ ရဟန်း သံဃာတော်များနှင့်လည်း စကားပြောဆိုပါက ရှေးဦးစွာ လက်အုပ်ကလေးချီ၍ ဦးညွတ်လိုက်ပြီးမှ ဆက်လက်ပြီး စကားပြောရသည်။ရဟန်းသံဃာတော်များထံသို့ သွားသောအခါမိမိတွေ့ရှိသည့် ရဟန်းသံဃာတော်အား ရှေးဦးစွာ ရှိခိုးဦးချရသည်။ မြတ်စွာဘုရားဆင်းတုတော်များရှိသောနေရာဖြစ်ပါက ရှေးဦးစွာမြတ်စွာဘုရားဆင်းတုတော်အားရှိခိုးပြီးမှ ရဟန်းသံဃာတော်များကို ရှိခိုးဦးချရသည်။


ရှိခိုးဦးချနည်း ~~~~~~~~


စေတီတော်၊ ရုပ်ပွားဆင်းတုတော်များနှင့် ရဟန်းသံဃာတော်များကို ရှိခိုးဦးချသောအခါ စနစ်ကျရန်လိုပါသည်။ (က) အမျိုးသားဖြစ်ပါက ရှေးဦးစွာ ဆောင့်ကြောင့်ထိုင်ပါ။(အမျိုးသမီးဖြစ်က ကြုံ့ကြုံ့ထိုင်ရန်) (ခ)တံတောင်နှစ်ခုကို ဒူးနှစ်ဖက်ပေါ်သို့တင်၍ လက်နှစ်ဖက်ကို (လက်ငါးချောင်း အချင်းချင်း ညီညီညာညာ ဖြစ်စေလျက်) ယှက်မိုးပြီး နဖူးအလယ်တည့်တည့်ကို ရောက်အောင်ထားပါ။ ထိုအခါ လက်နှစ်ဖက်ယှက်မိုးထားခြင်းသည် ကြာငုံဖူးကလေးကဲ့သို့ တင့်တင်တယ်တယ် ရှုစဖွယ်လေးဖြစ်ပါလိမ့်မည်။ (ဂ)သုံကြိမ် ရှိခိုးဦးချပါ။ (၁)ပထမအကြိမ် ဗုဒ္ဓံ ပူဇေမိ။ (၂)ဒုတိယအကြိမ် ဓမ္မံ ပူဇေမိ။ (၃)တတိယအကြိမ် သံဃံ ပူဇေမိ။


ဤ “ဗုဒ္ဓံ ပူဇေမိ” စသည်တို့ နှုတ်ဖြင့် အသံထွက်အောင် ရွတ်ဆိုရန် မလိုပါ။ စိတ်ထဲက အဓိပ္ပါယ်ပေါက်အောင် နှလုံးသွင်း၍ ရှိခိုးဦးချရန်ဖြစ်သည်။ရှေးဦးစွာ ပါဠိကို အသံထွက်ပီသအောင် လေ့လာကျက်မှတ်ထားပါ။ အနက် အဓိပ္ပာယ်ကိုလည်း ရအောင်သိအောင်ကြိုးစားထားပါ။


အနက် ~~~~


(၁)။ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ပူဇေမိ၊ ပူဇော်ပါ၏အရှင်ဘုရား။ (၂)။ဓမ္မံ၊ တရားတော်မြတ်ကို ၊ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။ (၃)။သံဃံ၊သံဃာတော်မြတ်ကို ၊ ပူဇေမိ၊ ပူဇော်ပါ၏အရှင်ဘုရား။


(ဃ)ထိခြင်းပါးမျိုး ~~~~~~~~~~~


ရှိခိုးဦးချရာ၌ ထိခြင်းငါးမျိုးနှင့် ညီညွတ်အောင် ရှိခိုးဦးချရပါသည်။ မြေပေါ်မှာ ရှိခိုးကမြေနှင့်ထိအောင်၊ ကြမ်းပေါ်မှာ ရှိခိုးကကြမ်းနှင့်ထိအောင် ၊ ဖျာပေါ်မှာရှိခိုးက ဖျာနှင့်ထိအောင်၊ ကော်ဇောပေါ်မှာ ရှိခိုးဦးချရသည်။ ယင်းထိခြင်းငါးမျိုးဆိုသည်မှာ ဒူးနှစ်ဖက်၊ တံတောင်နှစ်ဖက်နှင့် နဖူးဟူသော ငါးမျိုးတို့ကို ကြမ်းပြင်သို့ထိအောင် ရှိခိုးဦးချခြင်းဖြစ်သည်။


ရဟန်းသံဃာများအား ဆွမ်းကပ်ပုံ ဆွမ်းကပ်နည်းများကို ဆက်လက်ရေးသားပါဦးမည်။


စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။


ကျမ်းကိုး။ ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်(သာသနာရေးဝန်ကြီးဌာန)


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)