Friday, January 3, 2014

လူတွေ ဘယ်ကဖြစ်

လူဟာ မျောက်ကနေ ဖြစ်လာတာပါလား

အမေး။ အရှင်ဘုရား….ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာ တယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင် ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဌာန်း တရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက် ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော်ဥာဏ်မမီတဲ့အတွက် ဖြေ ကြား ပေးတော်မူပါဘုရား။ စောဝတ်မှုံခင် ခေတ္တ ဂျပန်

အဖြေ။ ။ကမ္ဘာကြီးတည်စကာလ ရသပထ၀ီ မြေဆီ ပေါ်ပြီးတဲ့အခါ ကမ္ဘာပျက်တုန်းက မပါ ခဲ့တဲ့ ဗြဟ္မာများဟာ အောက်အောက်ဗြဟ္မာ့ ဘုံနတ်ဘုံ များကို ရောက်ကြရပါတယ်။ အချို့ ဗြဟ္မာများဟာ လူ့ပြည်မှာ ပဋိသန္ဓေ တည်ကြ ပါတယ်။ ကမ္ဘာဦးကလူများဟာ ဗြဟ္မာ့ပြည်က စုတေပီး လူလာဖြစ်ကြတာပါ။ မျောက်ကနေ တဆင့် လူဖြစ်လာတယ်ဆိုတာ လုံးဝမဟုတ် ပါဘူး။ ဘာ့ကြောင့်ဆိုရင် သုံးဆယ့်တစ်ဘုံဘ၀ သံသရာ ကြီးထဲ ကျင်လည်နေကြရတဲ့သူတိုင်း မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိဘူးလို့ပါပဲ။ (သဂြိုလ်ဘာသာဋီကာ-နှာ၃၂၄) နောက်တစ်ခုက ကမ္ဘာဦးအစ ပဋိသန္ဓေနေကြ တဲ့လူများနဲ့ နောက်ပိုင်း ပဋိသန္ဓေနေကြတဲ့လူများ မတူကွဲပြားပုံနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်…. သံသေဒဇ၊ သြပပါတိက၊ အဏ္ဍဇ၊ ဇလာဗုဇ ဆိုပြီး ပဋိသန္ဓေ လေးမျိုး ရှိပါတယ်။ (သုတ်ပါထေယျ၊သံဂီတိသုတ်ဋီကာ)

(က) သံသေဒဇပဋိသန္ဓေ ပဒုမ္မာကြာတိုက်၊ ကိုယ်ဝန်အညစ်အကြေး၊ ပန်း မှိုက်ပုပ်၊ ငါးပုပ်၊ရေပုပ်၊ မစင်ပုပ်စတဲ့ စိုစွတ်တဲ့ နေရာအရပ်မှာ ဖြစ်တဲ့သတ္တ၀ါများဟာ သံသေဒဇ ပဋိသန္ဓေ လို့ခေါ်ပါတယ်။ပဒုမ္မာကြာမှာ ပဋိသန္ဓေ တည်တဲ့ ပဒုမ၀တီမိဖုရားနဲ့ပေါက္ခရသာတိပုဏ္ဏား၊ ၀ါးလုံးခေါင်းမှာ ပဋိသန္ဓေနေတဲ့ ဝေဠုဝတီမိဖုရား၊ ပဒုမ၀တီရဲ့သားတော်၄၉၉ယောက်ဟာပဒုမ၀တီ မိဖုရားရဲ့ကိုယ်ဝန်အညစ်အကြေးကြောင့် ဖြစ်တယ်။ ဒါတွေဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။

(ခ) သြပပါတိက ဘ၀ဟောင်းမှ ခုန်လွှားကျရောက်လာသလို လူ့ဘ၀ မှာ ဘွားကနဲ ဖြစ်ပေါ်လာတာဟာ “သြပပါတိကပဋိ သန္ဓေ” လို့ခေါ်ပါတယ်။ သြပပါတိက ပဋိသန္ဓေ နေ ကြတဲ့သူများက ငရဲသား၊ ပြိတ္တာ၊ တိရစ္ဆာန်အချို့၊ ကမ္ဘာဦးကလူများနဲ့ နတ် ဗြဟ္မာများ ဖြစ်ပါတယ်။

(ဂ)အဏ္ဍဇပဋိသန္ဓေ ဥခွံအတွင်းမှာ ပဋိသန္ဓေနေတာကို အဏ္ဍဇပဋိသန္ဓေ လို့ခေါ်ပါတယ်။ ငှက်အမျိုးမျိုး၊ မြွေ၊ လိပ်၊ ငါးစတဲ့ သတ္တ၀ါများဟာ ဥခွံအတွင်း ပဋိသန္ဓေ နေကြတဲ့ သတ္တ၀ါများ ဖြစ်ပါတယ်။

(ဃ)ဇလာဗုဇ သားအိမ်မှ ဖြစ်တာကို ဇလာဗုဇ ပဋိသန္ဓေ လို့ခေါ် ပါတယ်။ လူ၊ ဆင်၊ မြင်း၊ ခွေး စတဲ့ သတ္တ၀ါများဖြစ် တယ်။ဆိုခဲ့တဲ့ပဋိသန္ဓေများအနက် လူများဟာ သံသေဒဇ၊ သြပပါတိက၊ ဇလာဗုဇ များမှာ ပဋိသန္ဓေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာဦးလူများရဲ့ပဋိသန္ဓေက ဘွား ကနဲဖြစ်ပေါ်လာရတဲ့ သြပပါတိကပဋိသန္ဓေဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ အမိဝမ်းတွင်းပဋိသန္ဓေ နေရတဲ့ ဇလဗုဇ ပဋိသန္ဓေ ဖြစ်ပါတယ် ဆိုတာ ဖြေကြားပေး လိုက်ရပါတယ်။

စာရေးသူ- ဦးကောဝိဒ(မြိတ်) |

No comments:

Post a Comment